ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဂျေမီ ဗာဒီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လက်စတာ စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေဆဲဖြစ်ပေမယ့် အီတလီချန်ပီယံ နာပိုလီအသင်းထံကနေ မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှုတစ်ခု မကြာခင်မှာ ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။
အသက် (၃၈)နှစ်အရွယ်ရှိ ဗာဒီဟာ အီတလီ စီးရီးအေ ချန်ပီယံ နာပိုလီအသင်းဆီ ပြောင်းရွှေ့မှုတစ်ခု ပြုလုပ်နိုင်တော့မယ့် အခြေအနေမှာ ရှိနေပြီး နာပိုလီအသင်းဟာ ဝါရင့်တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Photo Credit : SPORTbible
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကုန်ကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဗာဒီဟာ အင်္ဂလန်နဲ့ ပြည်ပကလပ်အသင်း အများအပြားနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် သြဂုတ်လကုန်ပိုင်းကို ရောက်ရှိလာတဲ့အထိ အသင်းသစ် မရရှိသေးပါဘူး။ သူ့ကိုခေါ်ယူဖို့ နောက်ဆုံး ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ အဲဗာတန်၊ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ ပါဝင်နေပါတယ်။ ဗာဒီဟာ လက်စတာအသင်းအတွက် ပွဲ (၅၀၀)မှာ ဂိုး (၂၀၀)အထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ နာပိုလီအသင်းဟာ သူတို့ရဲ့ အထောင်တိုက်စစ်မှူးသစ် ရှာဖွေမှုမှာ ဗာဒီကို မထင်မှတ်ဘဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အီတလီချန်ပီယံတွေဟာ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ရိုမီလူ လူကာကူ ပေါင်ခြံဒဏ်ရာကြောင့် သုံးလအထိ အနားယူရဖွယ် ရှိနေတာကို သိရှိပြီးနောက် တိုက်စစ်ပိုင်းကို အရေးပေါ် အားဖြည့်ဖို့ ကြိုးစားနေတာပါ။
Photo Credit : Sky Sports
ဗာဒီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တာကြောင့် နည်းပြ အန်တိုနီယို ကွန်တီအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ နာပိုလီအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရက်စ်မတ်စ် ဟွိုင်းလန်းနဲ့ ချဲလ်ဆီးက နီကိုးလပ်စ် ဂျက်ဆင်တို့ကိုလည်း ပစ်မှတ်ထားနေပေမယ့် ကစားသမားနှစ်ဦးလုံးအတွက် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ ရှိနိုင်ပါတယ်။
ထိပ်တန်းအဆင့်မှာ ဆက်လက်ကစားလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားတဲ့ ဗာဒီအတွက်တော့ နာပိုလီဟာ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာရှိမှာ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကတော့ ဗာဒီဟာ ဒီနွေရာသီအစောပိုင်းကတည်းက ဂျီနိုအာအသင်းနဲ့ စီးရီးအေကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် နည်းပြ ပက်ထရစ် ဗီအဲရာက သူ့ရဲ့ကစားဟန်နဲ့ အံမဝင်ဘူးလို့ဆိုကာ အပြောင်းအရွှေ့ကို ဗီတိုအာဏာသုံး ပယ်ချခဲ့တာ ဖြစ်ပါတယ်။