အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီက လစ်လပ်နေတဲ့ အမြဲတမ်း နည်းပြချုပ်ရာထူး အတွက် ဂျူဗင်တပ် ၊ အင်တာမီလန် စတဲ့ စီးရီးအေ ထိပ်သီးအသင်းတွေနဲ့အတူ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ နာမည်ကြီး အီတလီနည်းပြ အန်တိုနီယို ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။

နာပိုလီက အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေဖလား ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တဲ့ နည်းပြချုပ် စပယ်လက်တီနဲ့ ယခုနှစ် ဘောလုံးရာသီ အစမှာ လမ်းခွဲပြီးနောက် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတဲ့ အသင်း ဖြစ်ပြီး နာပိုလီဟာ စပယ်လက်တီရဲ့ ဆက်ခံသူ အဖြစ် ရူဒီ ဂါစီယာကို ခန့်အပ်ခဲ့ပေမယ့် ၄လ အကြာမှာပဲ ဂါစီယာဟာ နာပိုလီရဲ့ နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

Photo Credit: Caught Offside

ရူဒီ ဂါစီယာ မရှိတော့တဲ့နောက် နာပိုလီက အီတလီလူမျိုးနည်းပြ မက်ဇာရီကို နည်းပြအဖြစ် ထပ်မံ ခန့်အပ်ခဲ့ပေမယ့် မက်ဇာရီကလည်း နာပိုလီကို ၁၆ပွဲသာ ကိုင်တွယ်ခွင့် ရခဲ့ပြန်ပါတယ်။ နည်းပြ ၂ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ရလဒ်တွေ မကောင်းလာတာကြောင့် နာပိုလီရဲ့ ဘုတ်အဖွဲ့က ကယ်လ်ဇိုနာကို ယာယီနည်းပြ အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

တရာသီအတွင်းမှာ နည်းပြအပြောင်းအလဲ ၃ဦး အထိ လုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရလာတာကြောင့် နာပိုလီရဲ့ ပရိသတ်တွေက လော်ရန်းတစ် ဦးဆောင်နေတဲ့ နာပိုလီဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး လော်ရန်းတစ်ကတော့ အသင်းကို အောင်မြင်မှုတွေဆီ ပြန်လည် ခေါ်ဆောင်သွားပေမယ့် ထိပ်သီးနည်းပြ တဦးကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ သတင်းထောက် မက်တီယို မော်ရက်တိုရဲ့ ဖော်ပြချက်အရ နာပိုလီရဲ့ တာဝန်ရှိသူတွေက နာမည်ကြီး အီတလီနည်းပြ အန်တိုနီယို ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ကွန်တီကလည်း အီတလီမြေဆီ ပြန်လာချင်နေတာကြောင့် ဆွေးနွေးမှုတွေဟာ အဆင်ပြေ တိုးတက်နေကြောင်း သိရှိရပါတယ်။

အသက် ၅၄နှစ် အရွယ် အီတလီလူမျိုး ထိပ်သီးနည်းပြ အန်တိုနီယို ကွန်တီက ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ စပါး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ကွန်တီဟာ ဂျူဗင်တပ် ၊ အင်တာမီလန် စတဲ့ အသင်းတွေနဲ့အတူ စီးရီးအေဖလားကို ၄ကြိမ် အထိ ရယူဖူးပါတယ်။