နာပိုလီအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို အသင်းဆီ ခေါ်ယူသွားချင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့လည်း ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နာပိုလီအသင်းအနေနဲ့ နွေမှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် အပါအဝင် တောင်ပံကစားသမား ခွာရတ်စကယ်လီယာကိုပါ လက်လွတ်သွားရနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် သူတို့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားကောင်းတွေကို လိုအပ်နေပါတယ်။

Photo Credit : GiveMeSport

အဲ့ဒီအတွက် နာပိုလီဟာ ညာတောင်ပံနေရာနဲ့ အထောင်တိုက်စစ်နေရာတွေမှာ အကောင်းဆုံး ကစားနိုင်တဲ့ ဂရင်းဝုဒ်ကို စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ဘက်ကလည်း ဂီတာဖေးအသင်းဆီ အငှားချထားတဲ့ ဂရင်းဝုဒ်ကို လာမယ့်နွေမှာ အသင်းကနေ အပြီးသတ် ရောင်းချသွားဖွယ် ရှိနေပါတယ်။

အသက် (၂၂)အရွယ်သာ ရှိသေးတဲ့ တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ သူရဲ့ အမှုအခင်း ကိစ္စရပ်တွေကြောင့် ယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို ဖြတ်သန်းဖို့ ခက်ခဲလွန်းနေတာကြောင့် ဂီတာဖေးအသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာ ဂီတာဖေးမှာ အတော်လေး ခြေစွမ်းပြသနိုင်တဲ့အတွက် ဂရင်းဝုဒ်ကို ကလပ်အသင်းများစွာက မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Football Transfer

ဂရင်းဝုဒ်က ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် လာလီဂါနဲ့ ကိုပါဒယ်ရေး ပြိုင်ပွဲ(၂)ခုအတွင်း (၃၄)ပွဲ ပါဝင်ထားခဲ့ရာ (၁၀)ဂိုး သွင်းယူပြီး (၆)ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ တကယ်ဆို ဂရင်းဝုဒ်က ယူနိုက်တက်အတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း အသင်းမှာ ဆက်ထားလို့ မလွယ်ကူတော့တဲ့ အခြေအနေတွေကြောင့် လက်လွတ်ဖွယ်သာ ရှိနေပါတယ်။

ဂရင်းဝုဒ်ကို လာလီဂါ ပရီးမီးယားလိဂ်နဲ့ စီးရီးအေ ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၃၀)လောက်အထိ အလိုရှိနေပါတယ်။