ပိတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ နာပိုလီက မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု မရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာလို့ ထုတ်ပြန်လိုက်ပါတယ်။
အသင်းမှာ အားထားရတဲ့ ဂျော်ဂျီယာ တောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်လိုက်ရပြီးနောက်ပိုင်း ဂါနာချို အဒီယေမီနဲ့ စိန့်မက်ဆီမန်တို့လို တောင်ပံကစားသမားတွေကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ နာပိုလီဟာ ဒီကစားသမား တစ်ယောက်ကိုမှ မခေါ်ယူနိုင်ခဲ့ဘဲ deadline day မှသာ မီလန်က ဆွစ်တောင်ပံကစားသမား အိုကာဖောကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
နာပိုလီက ခွာရတ်စကယ်လီယာကို မရောင်းထုတ်ခင်ကတည်းက သူ့နေရာမှာ ဂါနာချိုနဲ့ အစားထိုးဖို့အတွက် ဦးစားပေး ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဂါနာချိုကိုလည်း နာပိုလီနဲ့အတူ ချယ်လ်ဆီး စပါးအသင်းတွေကပါ စိတ်ဝင်စားခဲ့ကြပါသေးတယ်။ နာပိုလီက ဂါနာချိုအတွက်ကိုလည်း ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ယူနိုက်တက်ဘက်က ပယ်ချခဲ့ပါသေးတယ်။
ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ နာပိုလီနည်းပြ အန်တိုနီယို ကွန်တီကိုယ်တိုင် ဂါနာချိုဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့လို့ ဂါနာချိုက နာပိုလီကို ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတယ်လို့ သိရပေမယ့်လည်း နာပိုလီရဲ့ အားကစား ဒါရိုက်တာဖြစ်သူ ဂျီအိုဗန်နီ မန်နာကတော့ သူတို့အသင်းက ဂါနာချိုနဲ့ သဘောတူညီမှု မရခဲ့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။
Photo Credit : Goal
“ဂါနာချိုအတွက် မန်ချက်စတာ ယူနိုက်တက်အသင်းထံကို အရေးပါတဲ့ ကမ်းလှမ်းချက်တစ်ခု ပေးပို့ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို တကယ်လိုချင်ခဲ့တာပါ။ အလက်ဟန်ဒရိုနဲ့တော့ ကိုယ်ရေးကိုယ်တာ သဘောတူညီမှု မရရှိခဲ့ပါဘူး။ သူက ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့အတွက် အရေးပါတဲ့ လစာတစ်ရပ်ကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အသင်းက ကစားသမားတွေကို လေးစားရပါမယ်။” လို့ မန်နာက ပြောဆိုခဲ့ပါတယ်။
နာပိုလီဆီ မပြောင်းရွှေ့လိုက်ရတဲ့ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုဟာ ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေခဲ့ရပြီး အသင်းအတွက်လည်း ပွဲကစားခွင့်တွေ ဆက်တိုက် ရရှိနေရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဘိုဒယ်ဂလင့်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်နောက်ပိုင်းကတည်းက အခုထိ တောက်လျှောက် ဂိုးပေါက်ပျောက်နေရပါတယ်။