ဂျာမဏီလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ နစ်ဂယ်စမန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမဏီ ၂-၃ တူရကီ ခြေစမ်းပွဲမှာ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ကို ဘယ်နောက်ခံနေရာမှာ သုံးခဲ့လို့ ခံစစ်အားနည်းမှုတွေနဲ့ ရင်ဆိုင်ရကာ ရှုံးပွဲ ကြုံခဲ့ပေမယ့် ဟားဗက်ဇ်ကို ဘယ်နောက်ခံလူ အဖြစ် ဆက်ပြီး သုံးဦးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နစ်ဂယ်စမန်းရဲ့ ဂျာမဏီက ယူရို ၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားတာကြောင့် ယူရိုခြေစစ်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ခဲ့ပဲ ဂျာမဏီက အခြားအသင်းတွေ ခြေစစ်ပွဲ အောင်ဖို့ အသည်းအသန် ကြိုးစားနေရချိန်မှာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။

Photo Credit: Standard

ဂျာမဏီနည်းပြသစ် နစ်ဂယ်စမန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမဏီနဲ့ တူရကီတို့ ပွဲစဉ်မှာလည်း ကစားနေကြ မဟုတ်တဲ့ ၄-၂-၂-၂ ကစားကွက်ကို ထုတ်သုံးခဲ့သလို တိုက်စစ်အားသန် ကစားသမား တဦး ဖြစ်သူ ဟားဗက်ဇ်ကို ဘယ်နောက်ခံလူ အဖြစ် အသုံးပြုခဲ့ပါတယ်။

နစ်ဂယ်စမန်းရဲ့ ကစားကွက်က ပွဲအစပိုင်းမှာ အလုပ်ဖြစ်ခဲ့သလို ဟားဗက်ဇ်ကလည်း သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကစားချိန် ကြာလာတာနဲ့အမျှ ခံစစ်မှူးစစ်စစ် ၃ဦးသာ ပါဝင်တဲ့ ဂျာမဏီရဲ့ ခံစစ်ကြောင်းက တူရကီရဲ့ တိုက်စစ်ကို ဟန့်တားနိုင်စွမ်း နည်းပါးလာသလို သွင်းဂိုးတွေလည်း အများကြီး ခွင့်ပြုခဲ့ရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဂျာမန်ဘောလုံးရေးရာ သုံးသပ်သူတွေက နစ်ဂယ်စမန်းဟာ ကိုင် ဟားဗက်ဇ်လို တိုက်စစ်ကစားသမားကို ဘယ်နောက်ခံလူ အဖြစ် စတန့်ထွင် အသုံးပြုမှုကို ရပ်တန့်ဖို့ လိုအပ်ကြောင်း ဝေဖန်နေကြပြီး နစ်ဂယ်စမန်းကတော့ သူဟာ ဟားဗက်ဇ်ကို ဘယ်နောက်ခံနေရာမှာ ကစားနိုင်အောင် ဘယ်နောက်ခံလူ အဖြစ် ဆက်သုံးဖို့ ဆုံးဖြတ်ထားသလို ဟားဗက်ဇ်ကလည်း သူ ညွှန်ကြားတဲ့အတိုင်း ကစားချင်နေကြောင်း ဆိုလာပါတယ်။

နစ်ဂယ်စမန်းက – “ကျွန်တော်ကတော့ ဘယ်နောက်ခံလူ အဖြစ် ကစားရတာက ကိုင် ဟားဗက်ဇ် အတွက် အန္တရာယ် ရှိတယ်လို့ မထင်ပါဘူး။ ပြီးတော့ သူက အဲ့ဒီနေရာမှာ ကစားရင်း ယူရိုပြိုင်ပွဲမှာ အသင်းအတွက် အရမ်း အရမ်း အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ ကိုင်ကတော့ ဘယ်နောက်ခံနေရာမှာ ကစားချင်ခဲ့တယ်။ ပြီးတော့ ဘယ်နောက်ခံလူ အဖြစ် ကြိုးစား ကစားချင်ခဲ့ပါတယ်။ ကိုင်က မရင်းနှီးတဲ့ နေရာတခုမှာ ကစားခဲ့ရပေမယ့် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။