ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂျူလီယန် နာဂယ်စမန်းက မကြာခင်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီး မတိုင်ခင်မှာ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ကြိုတင် ချမှတ်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ပလက်တန်ဘက်ချ်က ဖော်ပြလာခဲ့ပါတယ်။

လိုက်ပ်ဇစ် ဘိုင်ယန်မြူးနစ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးတဲ့ လူငယ်နည်းပြ နာဂယ်စမန်းဟာ လက်ရှိမှာတော့ ဂျာမနီအသင်းကို ကိုင်တွယ်လျက် ရှိနေပြီး ယူရို-၂၀၂၄ပြိုင်ပွဲကိုပါ ဝင်ရောက် ဆင်နွဲဖို့ပါ ရှိနေပါတယ်။

Photo Credit : Medium

လက်ရှိမှာ အသက် (၃၆)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြ နာဂယ်စမန်းဟာ အသက်ငယ်ရွယ်သေးပေမယ့် အရည်အသွေး မြင့်မားတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် ဥရောပ ထိပ်တန်းကလပ်အသင်းတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိနေပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ လက်ရှိနည်းပြတွေနဲ့ လက်တွဲဖြုတ်ဖို့ ရှိနေတဲ့ လီဗာပူးလ် ချယ်လ်ဆီး ယူနိုက်တက်တို့လို အသင်းတွေက နာဂယ်စမန်းကို အသင်းနည်းပြအဖြစ် အလိုရှိနေကြပြီး နာဂယ်စမန်းကိုယ်တိုင်ကလည်း အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : Bundesliga

နာဂယ်စမန်းဟာ ဟော့ဖန်ဟင်မ်အသင်းနဲ့ နည်းပြဘဝကို စတင်ခဲ့ပြီး အဲ့ဒီကနေ လိုက်ပ်ဇစ်ကို ရောက်ရှိခဲ့ချိန်မှာတော့ သူရဲ့ ဂုဏ်သတင်းက ပိုမို ကျော်ဇောလာခဲ့ရကာ လိုက်ပ်ဇစ်ကိုလည်း ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးမြင့်မားတဲ့ နာဂယ်စမန်းကို ဘိုင်ယန်က နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပေမယ့် (၂)ရာသီ မပြည့်သေးချိန်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီး အဲ့ဒီနောက်မှာတော့ ဂျာမနီနည်းပြ ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ နာဂယ်စမန်းဟာ ဂျာမနီအသင်းနဲ့ ယူရို-၂၀၂၄ပြိုင်ပွဲကို ဆင်နွဲဖို့ ရှိနေပြီး ဒီပြိုင်ပွဲမတိုင်ခင် ဧပြီ (သို့) မေလထဲမှာပဲ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားဖို့ ရှိနေပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းတစ်သင်းသင်းကို ရွေးချယ်ထားပြီးမှ ယူရို-၂၀၂၄ပြိုင်ပွဲကို စိတ်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်သွားဖို့ နာဂယ်စမန်းက စီစဉ်နေတာလည်း ဖြစ်ပါတယ်။