ဂျာမဏီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နာဂယ်စမန်းက ယခုရက်ပိုင်း အတွင်းမှာပဲ အမည်မဖော်လိုတဲ့ အင်္ဂလန်နာမည်ကြီးအသင်း တသင်းရဲ့ တရားဝင် ကမ်းလှမ်းမှုကို ရရှိထားကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နာမည်ကြီး ဂျာမန်လူငယ်နည်းပြ နာဂယ်စမန်းက လိုက်ပ်ဇစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဂျာမဏီ နာမည်ကြီးကလပ်တွေကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ သူက ဂျာမဏီအသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

Photo Credit: Sky Sports

နာဂယ်စမန်းက ယူရို ၂၀၂၄​ပြိုင်ပွဲ ပြီးတဲ့ အထိ ဂျာမဏီအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရယူထားတာကြောင့် ယူရို ၂၀၂၄ပြိုင်ပွဲ ပြီးဆုံးချိန် အထိ နိုင်ငံအသင်းနည်းပြ အဖြစ် ဆောင်ရွက်ဖို့ ရှိနေပေမယ့် ယူရို ၂၀၂၄ပြိုင်ပွဲ ပြီးသွားရင် ကလပ်နည်းပြဘဝထဲကို ပြန်လည် ဝင်ရောက်ဖို့ စဉ်းစားထားပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် စတီဖန် ကမ်ဘာဂျာရဲ့ ဖော်ပြချက်အရ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နာဂယ်စမန်းဆီ တရား​ဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပြီး နာဂယ်စမန်းက အဆိုပါ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေကြောင်း သိရှိရပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က နာဂယ်စမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က နာဂယ်စမန်းရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အပြင် နာဂယ်စမန်းရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ပြန်ခေါ်ဖို့ စဉ်းစားနေတာကြောင့် နာဂယ်စမန်းရဲ့ အသင်းသစ်က ဘယ်အသင်း ဖြစ်လာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။