ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ ရုတ်တရက် အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန်နာဂယ်စမန်းဟာ သူရဲ့ အနာဂတ် အသင်းသစ်နဲ့ ပတ်သတ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွေ စာချုပ်သက်တမ်းတွေထက် အသင်းရဲ့ ပရောဂျက် အခြေအနေတွေကသာ သူ့အတွက် အရေးပါပြီး ပရောဂျက် အကောင်းဆုံး ရှိနေမယ့် အသင်းနဲ့သာ လက်တွဲသွားမယ်လို့ သိရပါတယ်။

Photo Credit : CNN

လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်သာ ရှိနေသေးတဲ့ လူငယ်နည်းပြ နာဂယ်စမန်းဟာ နည်းပြသက်တမ်းက နုနယ်သေးတယ် ဆိုပေမယ့်လည်း တကယ်ကို အရည်အသွေးကောင်းမွန်တဲ့ နည်းပြတစ်ဦး ဖြစ်နေတဲ့အပြင် ဒီလို talented ရှိသူတစ်ဦ်း ဖြစ်တာမို့ ဟော်ဖန်ဟင်မ်လို အသင်းကနေ လိုက်ပ်ဇစ်ကို ကိုင်တွယ်ခွင့်ရခဲ့သလို လိုက်ပစ်ဇ်ကနေလည်း ဘိုင်ယန်လို အသင်းကြီးမျိုးကိုပါ ဆက်လက် ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်နည်းပြ မဖြစ်ခင်ကလည်း သူ့ကို ရီးယဲလ်မက်ဒရစ် အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ကပါ အနာဂတ်မှာ ရီးယဲလ်ရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့အထိပါ စီစဉ်ထားခဲ့တယ်လို့ သတင်းထွက်လာခဲ့ရပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရသူ နာဂယ်စမန်းဟာ ကွန်တီနဲ့ လမ်းခွဲထားတဲ့ စပါးအသင်းအပြင် ရာသီကုန်မှာ နည်းပြကြီး အန်စလော့တီနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့ ရီးယဲလ်အသင်းတွေနဲ့ သတင်းတွေ သဲ့သဲ့ ထွက်ပေါ်လာခဲ့ရပါတယ်။ နာဂယ်စမန်းအနေနဲ့ကလည်း သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ထပ်မံ ရွေးချယ်မယ့် အချိန်မှာ သူ့အပေါ် ဘယ်လောက်အထိ ပိုက်ဆံပေးချေမလဲ သူနဲ့ ဘယ်လောက်အထိ စာချုပ်ချုပ်ဆိုမလဲ ဆိုတာတွေထက် သူ့ကို နည်းပြအဖြစ် တာဝန်ပေးထားမယ့် အချိန်ကာလအတွင်း အသင်းရဲ့ ပရောဂျက် အစီအစဉ်တွေ ကောင်းမွန်မှသာ ဒီလို အသင်းမျိုးနဲ့ လက်တွဲသွားနိုင်တယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလိုက်ပါတယ်။

Photo Credit : Bavarian Football Works

ဖာဘရီဇီယိုရဲ့ ဖော်ပြမှုတွေထဲမှာ နာဂယ်စမန်းဟာ လက်ရှိ ဘိုင်ယန်အသင်း တာဝန်ရှိသူတွေရဲ့ လုပ်ရပ်အပေါ်မှာ အလွန်ကို စိတ်ပျက်နေရတဲ့အတွက် သူ့အနေနဲ့ ချက်ချင်းဆိုသလို အသင်းတစ်သင်းကို တာဝန်ယူ ကိုင်တွယ်ဖို့ ဖြစ်နိုင်ခြေ နည်းလွန်းနေပြီး လာမယ့် ရာသီလောက်မှသာ အလုပ် ပြန်လုပ်ဖွယ်သာ ရှိနိုင်တယ်လို့ သိရပါတယ်။