စပိန် တင်းနစ်အကျော်အမော် ရာဖေးလ် နာဒဲလ်က ငယ်စဉ်ကတည်းက သူ အားပေးလာခဲ့တဲ့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို ပြင်သစ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေအား ခေါ်ယူဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတဲ့ အသင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာလည်း အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့သာ စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ကာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ပီရက်ဇ် အပါအဝင် တာဝန်ရှိသူ အများစုက သူတို့ဆီ ပြောင်းလာမယ်လို့ ကတိပေးပြီးမှ ကတိဖျက်သွားခဲ့တဲ့ အမ်ဘာပေကို စိတ်ဆိုး ဒေါသထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ပရိသတ်တွေကလည်း အမ်ဘာပေလို ကတိမတည်သူတွေကို သူတို့အသင်းမှာ မမြင်ချင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမ်ဘာပေ တယောက် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက အမ်ဘာပေကို သူတို့အသင်းဆီ ခေါ်ယူဖို့ ပြန်လည် စဉ်းစားလာကြပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ နာဒဲလ်ကလည်း သူဟာ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်မှာ မြင်ချင်ကြောင်း ထုတ်ပြောလာပါတယ်။

Photo Credit: Marca

နာဒဲလ်က – “ကျွန်တော်ကတော့ အမ်ဘာပေကို ဘယ်လိုအရာကြောင့် ခွင့်လွှတ်ပေးဖို့ လိုသလဲ ဆိုတာကို နားမလည်ပါဘူး။ အားကစားလောကမှာ ဒီလိုအရာမျိုးတွေက မကြာခဏ ဖြစ်တတ်တာပဲလေ။ (ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းလာမယ်လို့ ကတိပေးပြီးမှ ကတိဖျက်သွားမှုအား ရည်ရွယ်လျက်) သူက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းလာချင်ပေမယ့် အရမ်းကို များပြားလွန်းတဲ့ ဖိအားတွေအောက်မှာ သူ့ရဲ့ အတွေးတွေဟာ ရှုပ်ထွေးခဲ့ရပါတယ်။ ကျွန်တော်ကတော့ အနာဂတ်မှာ သူ့ကို ရီးရဲလ်မက်ဒရစ် ကစားသမား အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။