ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဂျာမဲလ် မူစီယာလာဟာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း သူကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ ဂိုးသမား ဂျန်လူဝီဂျီ ဒွန်နာရမ်မာအပေါ် ဘာမှ အငြိုးအတေးမထားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပါတယ်။

မူစီယာလာဟာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပြီးနောက် ဒွန်နာရမ်မာ ဒါမှမဟုတ် တခြားဘယ်သူ့ကိုမှ အပြစ်မမြင်ကြောင်း လူမှုမီဒီယာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင် ကစားသမားဟာ စနေနေ့က ပီအက်စ်ဂျီ ဂိုးသမားနဲ့ တိုက်မိပြီးနောက် ခြေချင်းဝတ် ကျိုးသွားတဲ့အတွက် ခွဲစိတ်မှုခံယူခဲ့ရပြီး လပေါင်းများစွာ အနားယူရပါတော့မယ်။ ဘိုင်ယန်အသင်းကတော့ မူစီယာလာဟာ ပြန်လည်ကုသရေးအစီအစဉ်ကို စတင်နေပြီလို့ အတည်ပြုထားပါတယ်။

Photo Credit : Goal

ဘိုင်ယန်ရဲ့ အားကစားဒါရိုက်တာ မက်စ် အီဘာလ် နဲ့ ဂိုးသမား မာနူအယ်လ် နော်ယာတို့လို ပုဂ္ဂိုလ်တွေကတော့ ပွဲအပြီးမှာ ဒွန်နာရမ်မာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒဏ်ရာရတာက အေစီမီလန်ကြယ်ပွင့်ဟောင်းရဲ့ အမှားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒွန်နာရမ်မာဟာ လူးဝစ် အန်ရစ်ကေး နဲ့ သီဘို ကော့တွိုက် တို့လို ပုဂ္ဂိုလ်တွေဆီကနေလည်း ထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။

မူစီယာလာက သူ့ရဲ့ Instagram အကောင့်က ဗီဒီယိုတစ်ခုမှာ “ခွဲစိတ်မှုက ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားပါပြီ။ ကျွန်တော် ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ရှိပါတယ်။ ဒါကို ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုဘူးလို့ ပြောချင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။”

Photo Credit : SportMax

“အခုတော့ ကျွန်တော် နောက်လာမယ့်အချိန်တွေကို ခွန်အားနဲ့ အကောင်းမြင်စိတ်တွေ ပြန်လည်တည်ဆောက်ဖို့ပဲ အသုံးပြုသွားပါမယ်။ မင်းတို့အားလုံးနဲ့ ပြန်ဆုံတွေ့ရဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ဗုဒ္ဓဟူးနေ့ညမှာ ရီးယဲလ် မက်ဒရစ်နဲ့ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာ မူစီယာလာကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ စတင်နေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ်အစောပိုင်းလောက်အထိ ကလပ်နဲ့ နိုင်ငံတကာပွဲစဉ်တွေအတွက် ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး။