ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဂျာမား မူစီအာလာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရင်ဆိုင်သွားရမယ့် အာဆင်နယ်အသင်းက ကစားသမားတွေအနက် သတိထားရမယ့် ကစားသမား (၅)ဦးအကြောင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ (၁၆)သင်းအဆင့် ပကျော့မှာ ပေါ်တိုကို ရှုံးနိမ့်ခဲ့ရပေမယ့် လန်ဒန်မှာ ကစားရတဲ့ ဒုကျော့မှာတော့ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိခဲ့ရင်း ပင်နယ်တီမှာ ပေါ်တိုကို အနိုင်ယူခဲ့တာကြောင့် အခုလို ကွာတားဖိုင်နယ်ထိ တက်လှမ်းလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ကွာတားအဆင့်မှာတော့ ယခင်က သူတို့အသင်းကို ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရတိုင်း ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ယူတက်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေခဲ့ရပြီး ဘိုင်ယန်ကတော့ (၁၆)သင်းအဆင့်မှာ လာဇီယိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် (3-1) နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းက ယခင် ဘိုင်ယန် ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အသင်းလို မဟုတ်တော့ပဲ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းမှာပါ အလွန်ကောင်းမွန်လို့နေပြီး ဘိုင်ယန် ကစားသမား မူစီအာလာကပါ အာတီတာရဲ့အာဆင်နယ်အသင်းက positions တိုင်းလိုလို ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

“မာတင် အိုဒီဂတ်က တကယ့်ကို ထူးချွန်လှတဲ့ playemaker ကွင်းလယ်ကစားသမား တစ်ဦးပါ။ ဒါပေမယ့် သူတို့အသင်း တစ်သင်းလုံးမှာလည်း တခြား ထူးချွန်တဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။ ဆာကာ မာတင်နယ်လီ ဟာဗက်ဇ်နဲ့ ရိုက်စ်တို့ပါပဲ။”

“နောက်ပြီး တခြားသော ကစားသမားတွေလည်း ရှိနေပါသေးတယ်။ သူတို့က အသင်းရဲ့ နေရာတိုင်းလိုလိုမှာကို ထိပ်တန်း အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးတွေ ရှိနေပါတယ်။ ကျွန်တော်တို့လည်း ဒီလို ကစားသမားတွေနဲ့ ရင်ဆိုင်ဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။” လို့ မူစီအာလာက ပြောဆိုသွားခဲ့ပါတယ်။