ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကစားသမား ဖြစ်သူ သောမတ်စ် မူလာက သူတို့အသင်းဟာ လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ကြုံနေရပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မှာ အားလုံးကို အံ့ဩသွားစေမယ့် စွမ်းဆောင်ရည်မျိုး ပြသရင်း ရလဒ်ဆိုးတွေကို ရပ်တန့်မယ်လို့ ကြွေးကြော်လာခဲ့ပါတယ်။

မူလာရဲ့ ဘိုင်ယန်မြူးနစ်က ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲကို ဆယ်စုနှစ် တစုကျော် ကြီးစိုးထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာ မထင်မှတ်ထားလောက်အောင် ရလဒ်တွေ ဆိုးဝါးနေမှုနဲ့အတူ ၁၁နှစ်ဆက်တိုက် ရယူလာခဲ့တဲ့ ဘွန်ဒက်လီဂါချန်ပီယံဘွဲ့ကို လေဗာကူဆင်ဆီ လွှဲပြောင်းပေးရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါချန်ပီယံဘွဲ့ကို လေဗာကူဆင်ဆီ လွှဲပြောင်းပေးရဖို့ ရှိနေသလို ဂျာမန်စူပါဖလားနဲ့ ဂျာမန် ပိုကယ်ဖလားတွေကိုလည်း လက်လွှတ် ဆုံးရှုံးထားရတာကြောင့် သူတို့အတွက် ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကသာ တခုတည်းသော ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်ရှိနေပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ လက်ရှိခြေစွမ်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ မလွယ်ကူသလို ဘိုင်ယန်မြူးနစ်က ကွာတားဖိုင်နယ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ၃သင်းထဲမှာ ပါဝင်နေတဲ့ အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်ရမှာပါ။

Photo Credit: Standard

အစဉ်အလာအရ ဘိုင်ယန်မြူးနစ်က အာဆင်နယ်နဲ့ တွေ့ဆုံတိုင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို အတိတ်ကြွေးတွေ ပြန်ဆပ်ဖို့ အလားအလာ များနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့် ကစားသမား မူလာကတော့ သူတို့အသင်းဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ရလဒ်ကောင်းကို ရယူနိုင်စွမ်း ရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြလာခဲ့ပါတယ်။

မူလာက – “အာဆင်နယ်နဲ့ ရင်ဆိုင် ကစားဖို့ ၂ရက်ပဲ လိုတော့တယ်။ အရိုးသားဆုံး ပြောရရင် အခုချိန်က ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အချိန်ပါ။ ကျွန်တော်တို့က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၂ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် ယုံကြည်မှုတွေလည်း ကျဆင်းနေပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ တွေ့ဆုံတဲ့ ပွဲစဉ်က ကျွန်တော်တို့တွေ လူတိုင်းကို အံ့ဩသွားအောင် လုပ်လို့ ရတဲ့ အခွင့်အရေးကောင်း တခု ဖြစ်သလို ကျွန်တော်တို့က အဲ့ဒီအခွင့်အရေးကို မလွတ်တမ်း ဆုပ်ကိုင်ရပါမယ်။ အခုချိန်က အရှုံးပေးရမယ့် အချိန် မဟုတ်ပါဘူး။ အားတင်းထားကြ ကောင်လေးတို့ရေ…” ဆိုတဲ့ စာသားကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားလာခဲ့တာပါ။