ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့် တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ်စ် မူလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၂-၁ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာ သူတို့အသင်းရဲ့ နောက်ကျချေပဂိုးကို VARတောင် ပြန်မကြည့်ပဲ ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးဆန်းကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ဟာ အမြဲတမ်း ဒိုင်လူကြီးတွေရဲ့ ပစားပေးမှုကို ရရှိတယ်လို့ ပြောကာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဂျာမန်မြေမှာ ကစားခဲ့စဉ်က နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် စပိန်မြေမှာ ကစားရတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Reddit

ဒါကြောင့်ပဲ ဒီနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး အိမ်ရှင်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပွဲစတာနဲ့ ဘိုင်ယန်မြူးနစ်ဘက်ကို တရစပ် တိုက်စစ်ဆင်ကာ ဦးဆောင်ဂိုး သွင်းယူဖို့ ကြိုးစားခဲ့ကာ ဧည့်သည် ဘိုင်ယန်မြူးနစ်ကတော့ ခံစစ်ကို အသားပေး ကစားပြီး တန်ပြန်တိုက်စစ်တွေနဲ့ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခပေးဖို့ စီစဉ်လာခဲ့ပါတယ်။

ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်မြူးနစ်ကို ကစားပုံအသာ ၊ ခြေစွမ်းအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်ခဲ့တာကြောင့် ပထမပိုင်းဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အနိုင်ဂိုး သွင်းယူဖို့ အတွက် ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်ဆင်မှုတွေ ပြန်လုပ်လာခဲ့ပြီး ပွဲချိန် ၆၈မိနစ်မှာ အယ်ဖွန်ဆို ဒေးဗီးစ်က ပြင်းထန် အားပါတဲ့ ညာခြေကန်ချက်နဲ့အတူ ဘိုင်ယန်မြူးနစ် အတွက် ဦးဆောင်ဂိုးကို စသွင်းပေးခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်က ခံစစ်ကို အထိုင်ချ ကစားပြီး ရရှိထားတဲ့ ဦးဆောင်ဂိုးကို ကာကွယ်ဖို့ ကြိုးစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ချေပဂိုး ပြန်ရဖို့ တသင်းလုံးနီးပါး တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပွဲချိန် ၈၇မိနစ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် နူအာရဲ့ ဘောလုံးဖမ်းပုံ မသေမသပ်ဖြစ်မှုကို အခွင့်ကောင်း ယူကာ လူစားဝင် တိုက်စစ်မှူး ဟိုဆီလူက ရီးရဲလ်မက်ဒရစ် အတွက် လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုး ရရှိပြီး နောက်ထပ် ၃မိနစ် ဝန်းကျင် အကြာမှာပဲ ဟိုဆီလူက ဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ရူဒီဂါရဲ့ ပေးပို့မှုကို အကောင်းဆုံး ပိတ်သွင်းရင်း ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် အနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။

Photo Credit: Sky Sports

၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ဘိုင်ယန်မြူးနစ်ကလည်း ချေပဂိုး ပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပွဲပြီးဆုံးခါနီးမှာ ကင်းမစ်ချ်ရဲ့ လှပတဲ့ ခုတ်တင်ပေးမှုကနေ ဒီလစ်က ဘိုင်ယန်မြူးနစ် အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပေမယ့် ဒီလစ် တယောက် ဘောလုံးကို ရယူဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ စည်းကြပ်ဒိုင်က လူကျွံဘော ဖြစ်ကြောင်း အလံထောင် အချက်ပြခဲ့သလို ကွင်းလယ်ဒိုင်ကလည်း ဘောလုံးကစားတာကို ရပ်ဖို့ ဝီစီမှုတ်ကာ အချက်ပေးခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ ဒီလစ်က လူမကျွံနေတာကြောင့် ဒိုင်လူကြီး ၂ဦးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက ဘိုင်ယန်မြူးနစ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့် ကစားသမား မူလာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားတိုင်း အခုလို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် အမြဲတမ်း နစ်နာခဲ့ရတယ်လို့ ပြောရင်း ရီးရဲလ်မက်ဒရစ်ကို ဒိုင်ကူအသင်းလို့ ခေါင်းစဉ်တပ် ဝေဖန်သွားခဲ့ပါတယ်။

မူလာက – “အဲ့ဒီ ဆုံးဖြတ်ချက်က ထူးဆန်းလွန်းတဲ့ ဆုံးဖြတ်ချက်ပါ။ (ဘောလုံးမရခင်မှာပဲ လူကျွံဘော အလံထောင်ပြီး ပွဲရပ်ဖို့ ဝီစီမှုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အား ရည်ရွယ်လျက်) ကွင်းလယ်လူက VARနဲ့တောင် အဲ့ဒီဖြစ်ရပ်ကို ပြန်မကြည့်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တိုင်း အဲ့ဒီလို မတရားတဲ့ ဆုံးဖြတ်ချက်တွေ ချခံရလေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း ရိုနယ်ဒိုရဲ့ မှားယွင်းတဲ့ ဂိုး ၂ဂိုးကိုလည်း ခွင့်ပြုပေးခဲ့ရပါသေးတယ်” လို့ ပြောကာ ရီးရဲလ်မက်ဒရစ်ကို ဒိုင်ကူတယ်လို့ ဝေဖန်သွားခဲ့တာပါ။