ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့် တိုက်စစ်မှူး သောမတ်စ် မူလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ ဂိုးမရှိ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်း ပင်နယ်တီ ရသင့်တဲ့ ဖြစ်ရပ် ၂ကြိမ်မှာ ပင်နယ်တီ ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ မန်ချက်စတာ ယူနိုက်တက် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုပွဲ ၄ပွဲ ကစားပြီးချိန်မှာ ၄ပွဲစလုံးကို အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ ခပ်စောစော တက်ရောက်နိုင်ခဲ့သလို အုပ်စုဗိုလ်နေရာကိုလည်း ရခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ကိုပင်ဟေဂင်တို့ ပွဲမှာ ဘိုင်ယန်မြူးနစ် နည်းပြချုပ် သောမတ်စ် တူဟယ်လ်က အဓိက ကစားသမား တချို့ကို အနားပေးကာ မူလာ ၊ မာသီတဲလ် ၊ ကိုးမန်း စတဲ့ ပွဲထွက်ခွင့် နည်းပါးတဲ့ ကစားသမားတွေကို ထုတ်သုံးခဲ့ပါတယ်။

အဓိက ကစားသမား တချို့ကို အနားပေးခဲ့ပေမယ့် အိမ်ရှင်ဖြစ်တာနဲ့အညီ ဘိုင်ယန်မြူးနစ်က ကိုပင်ဟေဂင်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေက ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ကွင်းလယ်ဒိုင်ကလည်း အိမ်ရှင် ဘိုင်ယန်မြူးနစ်တို့ ပင်နယ်တီ ရသင့်တဲ့ အခြေအနေတွေကို လျစ်လျူရှုကာ ပင်နယ်တီ ပေးခဲ့ခြင်း မရှိပါဘူး။

Photo Credit: Bein Sports

ကွင်းလယ်ဒိုင်ရဲ့ မေးခွန်းထုတ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပဲ ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြောင်း ထုတ်ပြောခဲ့သလို ဝါရင့်တိုက်စစ်မှူး မူလာကလည်း သူတို့အသင်းဟာ ပင်နယ်တီ ရခဲ့သင့်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

မူလာက – “တဖက် ကစားသမားက ကျွန်တော့်ကို သူ့ရဲ့ လက်နှစ်ဖက်နဲ့ သိသိသာသာ တွန်းခဲ့တာပါ။ အဲ့ဒီဖြစ်ရပ်မှာ ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ကျွန်တော်က လက်ထိဘောတွေကို ပင်နယ်တီ ပေးရမယ် ဆိုတဲ့ အယူအဆကို သဘောမကျပါဘူး။ ဒါပေမယ့် လက်ထိဘောစည်းမျဉ်း ဆိုတာ ရှိတဲ့ အတွက် စည်းမျဉ်းနဲ့ ညီနေတဲ့ လက်ထိဘော ဆိုရင် ပင်နယ်တီ ပေးကို ပေးရပါမယ်။ မနေ့တုန်းက ကစားခဲ့တဲ့ ပီအက်စ်ဂျီပွဲမှာ ဆိုရင် ကွင်းလယ်ဒိုင်က လက်ထိဘောကို ပင်နယ်တီ မပေးပေမယ့် VARက ပင်နယ်တီ ပေးခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ပွဲမှာကျတော့ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးပေမယ့် VARက ပင်နယ်တီ မပေးပြန်ပါဘူး။ UEFAက ဒီနေ့ ဆုံးဖြတ်ချက်တွေ အတွက် ဖြေရှင်းချက်တွေ ထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။ ဒိုင်တွေက စည်းမျဉ်းတွေ အပေါ် အခြေခံပြီးပဲ ဆုံးဖြတ်သင့်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။