ချယ်လ်ဆီးအသင်းဟာ ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ တောင်ပံကစားသမား မီခိုင်းလို မူဒရစ်ရဲ့ လစာငွေကို UEFA စည်းမျဉ်းများအရ ဘတ်ဂျက်မှာ ထည့်သွင်းတွက်ချက်ရန်မလိုတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အားတက်စရာ အခြေအနေကောင်းတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးခြင်းကို ကျရှုံးခဲ့ပြီးနောက် ကစားခွင့်ပိတ်ပင်ခံထားရတဲ့ ယူကရိန်းကစားသမား မူဒရစ်ဟာ သူ့ကို ပေါင် (၅၆)သန်းနဲ့ ရှက်တာဒိုးနက်ကနေ ခေါ်ယူခဲ့စဉ်ကတည်းက ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရသူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ မဖြစ်မနေ အနားယူနေရခြင်းက ချယ်လ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ငွေကုန်ကြေးကျများစွာနဲ့ ခေါ်ယူထားတဲ့ ကစားသမားသစ်အားလုံးကို စာရင်းသွင်းနိုင်ဖို့ အရေးပါတဲ့ အထောက်အကူတစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo Credit : Derek Katey Caesar

ချယ်လ်ဆီးဟာ ဒီနွေရာသီမှာ ဂျာအို ပက်ဒရို၊ ဂျေမီ ဂစ်တင်စ်၊ ဂျော်ရယ်လ် ဟာတို၊ လီယမ် ဒီလပ်နဲ့ လူငယ်ကြယ်ပွင့်လေး အက်စ်တီဗာအို ဝီလီယံတို့လို အဓိက ကစားသမား (၅)ဦးကို ငွေသုံးကြမ်းပြီး ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ပုံမှန်အခြေအနေအရဆိုရင် UEFA ရဲ့ တင်းကျပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကြောင့် ကလပ်အသင်းအနေနဲ့ ချန်ပီယံလိဂ်အတွက် (၂၅)ဦးပါ “A list” ကစားသမားစာရင်းမှာ ဘယ်သူ့ကို ချန်ထားခဲ့ရမလဲဆိုတဲ့ ခက်ခဲတဲ့ရွေးချယ်မှုတွေ ပြုလုပ်ရနိုင်ပါတယ်။

ဒါပေမဲ့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ မူဒရစ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို ဒီရာသီ ချန်ပီယံလိဂ်စာရင်းကနေ ဖယ်ထုတ်လိုက်ရုံနဲ့ ဘဏ္ဍာရေးစာရင်းမှာ နေရာလွတ်အများကြီး ရရှိသွားမှာဖြစ်ပြီး နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် (၅)ဦးလုံးကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်စရာမလိုဘဲ စာရင်းသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

UEFA ရဲ့ စာရင်းအင်းစနစ်အရ ကစားသမားတစ်ဦးရဲ့ တစ်နှစ်တာ ကုန်ကျစရိတ်မှာ လစာငွေအပြင် ပြောင်းရွှေ့ကြေးကို စာချုပ်သက်တမ်းအလိုက် တစ်နှစ်ချင်းစီ ခွဲဝေတွက်ချက်ထားသော တန်ဖိုး (amortised value) ပါ ပါဝင်ပါတယ်။ မူဒရစ်အတွက်ဆိုရင် သူ့ရဲ့ တစ်ပတ် ပေါင် (၉၇၀၀၀) လစာနဲ့ ပြောင်းရွှေ့ကြေး ခွဲဝေတွက်ချက်မှုကို ပေါင်းလိုက်ရင် တစ်ရာသီကို ပေါင် (၁၇)သန်းဝန်းကျင် ကုန်ကျစရိတ်ရှိပါတယ်။

အခုအခါမှာ သူ့နာမည်ကို ချန်ပီယံလိဂ်စာရင်းကနေ ဖယ်ရှားလိုက်တာနဲ့ ချယ်လ်ဆီးအသင်းဟာ အဆိုပါ ပေါင် (၁၇)သန်းကို သူတို့ရဲ့ ကစားသမားစာရင်း ဘတ်ဂျက်ကနေ ချက်ချင်း ဖယ်ရှားလိုက်နိုင်မှာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြရရင် ဒီချွေတာလိုက်တဲ့ငွေပမာဏဟာ ကစားသမားသစ်တွေဖြစ်တဲ့ အက်စ်တီဗာအိုနဲ့ ဟာတိုတို့ နှစ်ဦးပေါင်းရဲ့ တစ်နှစ်တာကုန်ကျစရိတ်ကိုတောင် အပြည့်အဝ ကာမိစေပါတယ်။

 

Photo Credit : The Chelsea Chronicles

UEFA စည်းမျဉ်းတွေအရ ကလပ်အသင်းတွေဟာ ကုန်ကျစရိတ်လျှော့ချလိုပါက “A list” မှာ ကစားသမား (၂၅)ဦးထက်နည်းပြီး စာရင်းတင်သွင်းနိုင်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ အကြီးတန်းကစားသမား (၂၂)ဦးလောက်ကိုသာ စာရင်းသွင်းပြီး လစ်လပ်နေရာတွေကို “B list” ကစားသမားစာရင်းက လူငယ်ကစားသမားတွေနဲ့ ဖြည့်တင်းနိုင်ပါတယ်။

ရိုမီယို လာဗီယာ၊ ဂျော့ရှ် အာချမ့်ပေါင်းနဲ့ တိုင်ရစ် ဂျော့ချ်တို့လို အကယ်ဒမီထွက် အရည်အချင်းရှိ လူငယ်ကစားသမားတွေဟာ “B list” အတွက် အရည်အချင်းပြည့်မီတာကြောင့် ချယ်လ်ဆီးဟာ တရားဝင်ဘတ်ဂျက်ကို မထိခိုက်စေဘဲ အသင်းကို အင်အားဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးသာ လစာမြင့်ကစားသမားတွေဖြစ်တဲ့ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ နီကိုလပ်စ် ဂျက်ဆင်တို့ရဲ့ အနာဂတ်ကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ဘတ်ဂျက်ထဲကနေ နောက်ထပ် ပေါင် သန်း(၃၀)လောက်ကို ထပ်မံချွေတာနိုင်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုသာဆိုရင် ဇာဗီ ဆိုင်မွန်စ် သို့မဟုတ် အလီဟန်ဒရို ဂါနာချိုတို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့အထိ လမ်းပွင့်သွားနိုင်ဖွယ် ရှိနေပါတယ်။