ယူကရိန်း အခြေစိုက် သတင်းမီဒီယာ Tribuna ကနေ ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်း တောင်ပံကစားသမား မိုက်ဟေးလ်လို မူဒရစ်ခ်ဟာ တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိထားပြီး ဒုတိယအကြိမ် စစ်ဆေးလို့ ထပ်မံ တွေ့ရှိမယ်ဆိုရင် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်လည်း ရှိနေပါတယ်။

အသက် (၂၃)နှစ်အရွယ် ယူကရိန်း လက်ရွေးစင် ဘယ်တောင်ပံကစားသမား မူဒရစ်ခ်ဟာ ၂၀၂၃ ဇန်နဝါရီကမှ ယူကရိန်းကလပ် ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးအသင်းဆီ ယူရို သန်း(၇၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိဆိုရင် မူဒရစ်ခ်က ချယ်လ်ဆီးအတွက် (၇၃)ပွဲအထိ ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Goal

မူဒရစ်ခ်က ချယ်လ်ဆီးရဲ့ တန်ကြေး မြင့်မားတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေသူဖြစ်လို့ ချယ်လ်ဆီးလို ကစားသမားအင်အား တောင့်တင်းလွန်းတဲ့ အသင်းမျိုးမှာ ပုံမှန်နေရာရဖို့ ခက်ခဲနေရပြီး အခု နည်းပြ မာရက်စ်ကာ လက်ထက်မှာလည်း မူဒရစ်ခ်က ပွဲကစားခွင့်က အကန့်အသတ်သာ ရနေပါတယ်။

ရှက်တာမှာ ကစားခဲ့တုန်းက ယူကရိန်း နေမာလို့တောင် တင်စားခံခဲ့ရတဲ့ မူဒရစ်ခ်ဟာ အခုတော့ ချယ်လ်ဆီးမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့အပြင် တားမြစ်ဆေးဝါး သုံးစွဲထားတဲ့ ကိစ္စရပ်ကြောင့်ပါ ဘောလုံးကစားခြင်းကနေ တားမြစ်ခံရမယ့် အရေးနဲ့ပါ ကြုံတွေ့နေရပြန်ပါတယ်။

Photo Credit : We Ain’t Got No History

Tribuna ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး တောင်ပံကစားသမား မူဒရစ်ခ်ဟာ ပြီးခဲ့တဲ့လပိုင်းလောက်က ကစားသွားခဲ့ ပွဲစဉ်တစ်ပွဲအပြီး ဆေးစစ်မှု ခံယူရာမှာ တားမြစ်ဆေး အသုံးပြုထားတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ရပြီး အခုလည်း နောက်ထပ် ဆေးစစ်မှုကို ထပ်မံ လုပ်ဆောင်နေပြီဖြစ်ကာ ရလဒ်တွေလည်း မကြာခင် ထွက်ပေါ်လာဖို့ ရှိပါတယ်။

တကယ်လို့ နောက်ထပ် စစ်ဆေးမှုမှာပါ positive ပြနေဦးမယ်ဆိုရင်တော့ မူဒရစ်ခ်အနေနဲ့ (၄)နှစ်နီးပါးလောက်အထိ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ကြီးနဲ့ ရင်ဆိုင်သွားရဖွယ် ရှိနိုင်ပြီး လက်ရှိမှာတော့ Tribuna က မူဒရစ်ခ်ဟာ ဘယ်ပွဲရဲ့ ဆေးစစ်မှုမှာ အခုလို တွေ့ရှိခဲ့တာလဲဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါဘူး။