ပီအက်စ်ဂျီအသင်းမှာ ရုန်းကန်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းဆီ အငှားထွက်ကစားရာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ရန်ဒယ် ကိုလို မူအာနီဟာ တူရင်မြို့မှာ ပျော်ရွှင်နေပြီး ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ဂျူဗင်တပ်စ်မှာပဲ ဆက်ရှိနေလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မူအာနီဟာ ဂျူဗင်တပ်စ်နဲ့ ခြောက်လအငှားစာချုပ်အတွင်းမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးသွားပေမယ့် သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေပါတယ်။

Photo Credit : Football Italia

လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေတဲ့ မူအာနီက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ သူက သတင်းထောက်တွေကို “ကျွန်တော် အခု ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါက အရမ်းမြန်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ပွဲပြီးသွားမှပဲ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော် ဂျူဗင်တပ်စ်မှာ တကယ်ကို ပျော်နေပြီး နေလို့ထိုင်လို့ ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အီတလီအားကစားသတင်းစာ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ မူအာနီကို နောက်ထပ်တစ်နှစ် အငှားစာချုပ်နဲ့ ထပ်မံခေါ်ယူပြီး စာချုပ်သက်တမ်းအပြီးမှာ ယူရို သန်း ၄၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်ပါ ထည့်သွင်းကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

Photo Credit : Goal

ဒါပေမဲ့ သူတို့ဟာ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းနဲ့ အပြိုင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဂျူဗင်တပ်စ်မှာ ပျော်ရွှင်နေကြောင်း ဖွင့်ဟထားတာကြောင့် ဂျူဗင်တပ်စ်ဘက်က ဒီအပြောင်းအရွှေ့မှာ အသာစီးရနေပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပွဲကစား နှစ်ပွဲနိုင်ထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် မန်ချက်စတာ စီးတီးအသင်းနဲ့ အုပ်စုဗိုလ်နေရာကို လုရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲပြီးဆုံးသွားတဲ့အခါ ဂျူဗင်တပ်စ်အသင်းဟာ မူအာနီရဲ့ မိခင်ကလပ် ပီအက်စ်ဂျီနဲ့ တွေ့ဆုံဆွေးနွေးပြီး သူ့ရဲ့အနာဂတ်ကို အပြီးသတ် ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။