ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒေးဗစ် မိုရက်စ်က ပရီးမီးယားလိဂ် အသင်းကြီးတွေ အားလုံးရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၈သန်း အထက် ရမှသာ ရောင်းချမယ်လို့ တရားဝင် ထုတ်ပြောသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားကောင်း တဦး ဖြစ်သလို သူဟာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ကာလရှည် တာဝန်ယူ ကစားထားသူပါ။

 

Photo Credit: Goal

ဒီကလန်ရိုက်စ်က ကွင်းလယ်ခံစစ် နေရာမှာ အဓိကထား ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ဘောလုံးပေးပို့နိုင်စွမ်း ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အမှားအယွင်းကင်းကင်းနဲ့ ဟန့်တားနိုင်စွမ်း ၊ ပွဲရဲ့ အရှိန်ကို ထိန်းချုပ်နိုင်စွမ်းတို့ကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ အားလုံးက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေကြပြီး ဒီကလန်ရိုက်စ်ကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်းကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Goal

ဒီကလန်ရိုက်စ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၅ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်ရင် လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ လိုအပ်ပြီး ဝက်စ်ဟမ်းနည်းပြ မိုရက်စ်ကတော့ သူတို့အသင်းဟာ ဒီကလန်ရိုက်စ်ကို ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး ရမှသာ ရောင်းချသွားမယ်လို့ ဆိုလာပါတယ်။

မိုရက်စ်က – “ဒီကလန်က ထိပ်တန်းအဆင့် ကစားသမား တဦး ဖြစ်လာမယ် ဆိုတာ မေးခွန်းထုတ်စရာကို မလိုပါဘူး။ တကယ်လို့ သူက ဝက်စ်ဟမ်းကနေ ထွက်ခွာဖြစ်ရင် သူဟာ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်လာပါလိမ့်မယ်။ အခုချိန်မှာ ကျွန်တော်တို့က ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် သတင်းတွေ အများကြီး ကြားနေသလို ဈေးကွက်ရဲ့ အပြောင်းအလဲတွေကိုလည်း ခင်ဗျားတို့ သိကြပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီကလန်ရိုက်စ်သာ အသင်းပြောင်းဖြစ်မယ် ဆိုရင် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ စံချိန်တင် ပမာဏ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။ လက်ရှိ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင်က ချယ်လ်ဆီး ကစားသမားသစ် အန်ဇို ဖာနန်ဒက်ဇ် ဖြစ်ပြီး ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈သန်း ပေးချေခဲ့ရပါတယ်။