ဝက်စ်ဟမ်းအသင်း နဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီနေ့ညမှာပဲ လိဂ်ဖလားပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်သလို အာဆင်နယ် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာလည်း သူ့အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ဟောင်း ကစားသမားဟောင်း ရိုက်စ်ဟာ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး ဝက်စ်ဟမ်းအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း အာဆင်နယ်အသင်းဆီ မပြောင်းရွှေ့ခင် ၂၀၂၂-၂၃ ရာသီမှာတော့ ဝက်စ်ဟမ်းအသင်းအတွက် ကွန်းဖရန့်စ်လိဂ်ဖလားကို အရ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဝက်စ်ဟမ်းအသင်းမှာ (၁၀)နှစ်နီးပါးလောက်အထိ ကျင်လည်ခဲ့ရင်း အသင်းခေါင်းဆောင်အထိပါ ဖြစ်လာခဲ့ရတဲ့ ရိုက်စ်က ဒီနွေမှာတော့ လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းဆီ ပေါင် (၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့ရပါတယ်။

အခုတော့ ရိုက်စ်က သူ့အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ လိဂ်ဖလားပွဲမှာ ပြန်လည် ဆုံတွေ့ရတော့မှာဖြစ်ပြီး ဒီပွဲကို ရိုက်စ် ပါဝင်ကစားလာနိုင်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောဆိုထားခဲ့ပါသေးတယ်။ သူတို့ ကစားသမားဟောင်း ရိုက်စ်နဲ့ ပတ်သက်ပြီးတော့လည်း ဝက်စ်ဟမ်းနည်းပြ မိုရက်စ်က “သူ့ကို သေသေချာချာလေး ကြိုဆိုသင့်ပါတယ်။”

Photo Credit : Daily Mail

“ကျွန်တော်တို့အားလုံး သူ့ကို ပြန်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ သူက ကျွန်တော်တို့အသင်းအတွက် ထူးချွန်ပြောင်မြောက်လွန်းတဲ့ ကစားသမား ဖြစ်ခဲ့သလို အသင်းခေါင်းဆောင် တစ်ဦးအဖြစ်နဲ့လည်း အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တယ်။ သူ့ကို ပြန်တွေ့ရဖို့ ကျွန်တော် တကယ် မျှော်လင့်တယ်။ သူ အသင်းကနေ ထွက်ခွာသွားပြီးကတည်းက သူနဲ့ မဆုံဖြစ်သေးပါဘူး။”

“သူ့ကို ပြိုင်ဘက်အသင်းအတွက် ပါဝင်ကစားစေချင်လားဆိုတာ ကျွန်တော် သေချာမပြောနိုင်ပေမယ့် သူ ပါဝင်ဖို့ ကျွန်တော် တကယ် မျှော်လင့်တယ်။ အရေးကြီးဆုံးကတော့ သူ ဝက်စ်ဟမ်းကနေ ထွက်ခွာတော့မယ် ဆိုတာကို ကျွန်တော်တို့အားလုံး သိနေချိန်မှာတောင် သူက ကျွန်တော်တို့အတွက် ပွဲတိုင်း ရာနှုန်းပြည့် ပေးဆပ်ခဲ့တာပါပဲ။ ဒါကြောင့် သူက ကျွန်တော်တို့တွေ အားပေး ကြိုဆိုမှုနဲ့ ထိုက်တန်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။