နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ စူပါ ဘောလုံးအေးဂျင့် ဂျော့မန်ဒက်စ်က နာပိုလီအသင်းကို ဆက်သွယ်ပြီး နာပိုလီ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

အသက် (၆၀)အရွယ်ရှိ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ရိုးမားအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟိုရဲ့ အနာဂတ် အခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း အမျိုးမျိုးကို ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky News

အသင်းဟောင်း ချယ်လ်ဆီး ၊ ပေါ်တိုတို့အပြင် နယူးကာဆယ် ၊ ဆော်ဒီကလပ်များ ၊ ပေါ်တူဂီ လက်ရွေးစင်အသင်းတွေနဲ့ပါ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တဲ့ မော်ရင်ဟိုဟာ နည်းပြအလုပ်ကနေ ခေတ္တလောက် အနားယူဖို့ မရှိပဲ ကလပ်အသင်း တစ်သင်းကိုသာ ထပ်မံ ကိုင်တွယ်သွားဖွယ်လည်း ရှိနေပါတယ်။

ဒါကြောင့်ပဲ သူရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်က မော်ရင်ဟို ရိုးမားကနေ ထုတ်ပယ်ခံရပြီး နာရီပိုင်းလောက် အကြာမှာပဲ စီးရီးအေ လက်ရှိ ချန်ပီယံ နာပိုလီအသင်းထံ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Italia

နာပိုလီက ဒီရာသီမှာ နည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်ထားရပြီး ရလဒ်ကောင်းတွေ မဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ရူဒီ ဂါဆီယာရဲ့နေရာမှာ နည်းပြဟောင်း မက်ဇာရီနဲ့ အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် မက်ဇာရီလည်း နာပိုလီမှာ ရုန်းကန်နေဆဲ ဖြစ်နေတာမို့ ဂျော့မန်ဒက်စ်ဘက်က အခုလို ကမ်းလှမ်းလာတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီဘက်ကတော့ လက်ရှိနည်းပြကြီး မက်ဇာရီကို အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အချိန်ပေးသွားချင်တာကြောင့် မန်ဒက်စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့်လည်း နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်ကတော့ အသင်းအတွက် မော်ရင်ဟိုလို ထိပ်တန်းနည်းပြ တစ်ဦးကို အလိုရှိနေပါတယ်။