မကြာသေးမီကပဲ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကနေ ထုတ်ပယ်ခံရတာကြောင့် အသင်းလက်မဲ့ နည်းပြ ဖြစ်နေတဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက သူဟာ နည်းပြလောကထဲကို ပြန်ဝင်ဖို့ အဆင်သင့် ဖြစ်နေပြီး လာမယ့်နွေမှာ နည်းပြလောကထဲ ပြန်လာဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၆၁နှစ် အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ မော်ရင်ဟိုက ကမ္ဘာ့အဆင့် နည်းပြ တဦး ဖြစ်ပြီး မော်ရင်ဟိုဟာ ပေါ်တို ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ရိုးမား စတဲ့ ဥရောပရဲ့ ထိတ်ထိတ်ကြဲ အသင်းတွေကို ကိုင်တွယ်ခဲ့သူပါ။

Photo Credit: Team Talk

မော်ရင်ဟိုဟာ စပါးကလွဲရင် သူ ရောက်လေရာ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဒဲ့တိုးပြောတတ်မှု ၊ ရည်မှန်းချက် ကြီးမားမှုတွေကြောင့် မကြာခဏ အသင်းရဲ့ တာဝန်ရှိသူတွေ ၊ ကစားသမားတွေနဲ့ ပြဿနာ တက်ကာ အသင်းပြောင်းနေရပါတယ်။

နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ရိုးမားမှာဆိုရင်လည်း မော်ရင်ဟိုက နှစ်ပေါင်းများစွာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့ပေမယ့် သူ့အတွက် ကစားသမားကောင်းတွေ ဝယ်ပေးဖို့ တွန့်ဆုတ်နေတဲ့ အသင်းပိုင်ရှင်တွေကို ပြန်လည် ဝေဖန်ခဲ့တာကြောင့် ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မော်ရင်ဟိုက သူဟာ နည်းပြဘဝကနေ အနားမယူခင်မှာ နိုင်ငံအသင်း တသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန် ထမ်းဆောင်လိုကြောင်းနဲ့ သူဟာ နည်းပြလောကထဲကို အမြန်ဆုံး ပြန်ဝင်ချင်နေပေမယ့် သင့်တော်တဲ့ အသင်းကို ရွေးချယ်တာကြောင့် နွေရာသီရောက်မှ အသင်းသစ်ကို ဆုံးဖြတ်မယ်လို့ ဆိုလာပါတယ်။

မော်ရင်ဟိုက – “ကျွန်တော်က နည်းပြလောကထဲကို ပြန်ဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်က အနားယူဖို့ မလိုပါဘူး။ ကျွန်တော်က အဆင်သင့်ပါပဲ။ ကျွန်တော်က သန်မာသေးသလို ကျန်းမာရေးကလည်း ကောင်းပါတယ်။ ကျွန်တော်က အသင်းသစ် တသင်းကို ကိုင်တွယ်ဖို့ တကယ် အဆင်သင့်ဖြစ်နေတာပါ။ ဒါပေမယ့် ကျွန်တော်က မှားယွင်းတဲ့ ရွေးချယ်မှု တခုကို မလုပ်ချင်ပါဘူး။ ဒါကြောင့် ကျွန်တော်က စိတ်ရှည်ရှည်နဲ့ နေနေပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ လာမယ့်နွေရာသီမှာ အလုပ်သစ် စလုပ်ဖို့ပါ” လို့ ပြောကြားသွားခဲ့တာပါ။