အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် နာပိုလီနဲ့ စီးရီးအေ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယခုမှ ရာသီဝက်ပဲ ရှိသေးပေမယ့် နာပိုလီဟာ စီးရီးအေရဲ့ ချန်ပီယံ ဖြစ်နေပြီလို့ ပြောကြားရင်း နာပိုလီကို ချီးကျူးသွားခဲ့ပါတယ်။

နာပိုလီနဲ့ ရိုးမားတို့က ယနေ့ညမှာ အီတလီ စီးရီးအေ ပွဲစဉ်(၂၀) အဖြစ် နာပိုလီရဲ့ အိမ်ကွင်း ဖြစ်တဲ့ မာရာဒိုနာကွင်းမှာ ရင်ဆိုင် ကစားကြဖို့ ရှိနေပြီး နာပိုလီက ချန်ပီယံဆု အတွက် ဒီပွဲမှာ အနိုင်ကစားဖို့ လိုအပ်နေသလို ရိုးမားကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရလဒ်ကောင်း တခု ရအောင် ကြိုးစား ကစားဖို့ လိုအပ်နေတာကြောင့် ဒီပွဲဟာ အတော်လေးကို ကြည့်ကောင်းမယ့် ပွဲတပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Keep Up

အီတလီ စီးရီးအေက ပွဲစဉ်(၂၀)သာ ရှိသေးပေမယ့် အဆင့်(၁)နေရာမှာ ရှိနေတဲ့ နာပိုလီက အဆင့်(၂)နေရာမှာ ရှိနေတဲ့ အင်တာမီလန်ထက် ၁ပွဲလျော့ ကစားထားပြီး အင်တာမီလန်ကို ရမှတ် ၁၀မှတ် အထိ ဖြတ်တောက်ထားနိုင်ကာ ယနေ့ညမှာ ကစားမယ့် ရိုးမားနဲ့ပွဲမှာသာ အနိုင်ရခဲ့ရင် နာပိုလီဟာ အင်တာမီလန်ကို ရမှတ် ၁၃မှတ် အထိ ဖြတ်တောက်နိုင်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် ခြေစွမ်းပိုင်းမှာလည်း နာပိုလီက နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေပွဲ ၁၅ပွဲမှာ ၁၄ပွဲ အထိ အနိုင်ရထားပြီး ၁ပွဲသာ ရှုံးနိမ့်ထားကာ သူတို့ရဲ့ တိုက်စစ်ပိုင်းက စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ် ဖြစ်နေသလို ခံစစ်ကြောင်းကလည်း စီးရီးအေရဲ့ အကောင်းဆုံးခံစစ် ဖြစ်နေပါတယ်။

Photo Credit: Keep Up

ဒါကြောင့်ပဲ မော်ရင်ဟိုက သူတို့နဲ့ ရင်ဆိုင် ကစားရမယ့် နာပိုလီဟာ ရာသီမကုန်သေးပေမယ့် စီးရီးအေရဲ့ ချန်ပီယံ ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့တာပါ။ မော်ရင်ဟိုက – “ကျွန်တော်က လူတွေကို နားလည်မှု လွဲတာမျိုး မဖြစ်စေချင်ပေမယ့် နာပိုလီကိုတော့ စီးရီးအေ ချန်ပီယံဆု အတွက် ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ နာပိုလီက စီးရီးအေ ချန်ပီယံဆုကို ရသွားပါပြီ။ သူတို့က စကူဒက်တိုရဲ့ ပိုင်ရှင်အသစ်ပါ။ ဘယ်အသင်းကမှ ၆ပွဲ ၊ ၇ပွဲ ၊ ၈ပွဲဆက် အနိုင်မကစားနိုင်ပါဘူး။ စီးရီးအေ ချန်ပီယံဆုက နာပိုလီအတွက်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။