တူရကီ စူပါလိဂ်ရဲ့ ထိပ်သီးကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတဲ့ နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူ့အနေနဲ့ လာမယ့် အနာဂတ်မှာ နိုင်ငံလက်ရွေးစင်အသင်း တစ်သင်းသင်းကို နည်းပြသွားချင်တယ်လို့ အီတလီ သတင်းမီဒီယာ Corriere Dello Sport နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။
ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါး ရိုးမားတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို လက်ရှိမှာလည်း ဖီနာဘာချီကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုက နည်းပြဘဝမှာ ကလပ်အသင်းတွေကိုပဲ နည်းပြခဲ့ရာကနေ အခု လက်ရွေးစင် အသင်းကိုပါ ကိုင်တွယ်ချင်နေပါတယ်။
Photo Credit : Eurosport
မော်ရင်ဟိုဟာ သူရဲ့ နိုင်ငံဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ဖူးခဲ့သလို အင်္ဂလန် ဆော်ဒီအသင်းတွေနဲ့လည်း သတင်းတွေ ထွက်ဖူးခဲ့ပါသေးတယ်။ ဒါ့အပြင် ဘရာဇီးလ် လက်ရွေးစင်အသင်းဆိုရင်လည်း မော်ရင်ဟိုကို သူတို့နည်းပြအဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိခဲ့ပါသေးတယ်။
မော်ရင်ဟိုက လက်ရှိအချိန်ထိ နိုင်ငံအသင်း နည်းပြအဖြစ် မဆောင်ရွှက်ဖူးသေးပေမယ့် အင်္ဂလန် အီတလီ စပိန် တူရကီနဲ့ ပေါ်တူဂီတို့လို နိုင်ငံတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် ဒီနိုင်ငံတွေရဲ့ ဘောလုံး အယူအဆတွေနဲ့လည်း နီးစပ်မှု ရှိနေတဲ့အပြင် လက်ရှိ သူ့အသက်အရွယ်အရဆိုရင်လည်း နိုင်ငံအသင်း တစ်သင်းသင်းကို ကိုင်တွယ်ဖို့ အကောင်းဆုံးအချိန် ဖြစ်နေပါတယ်။
Photo Credit : Eurosport
“ရိုးမားအသင်း ကစားတာကို ကျွန်တော် ဘယ်တော့မှ ထပ်မကြည့်ဖြစ်တော့ပါဘူး။ အင်တာမီလန် ပွဲတွေကိုတော့ ကြည့်ဖြစ်ပါတယ်။ ကျွန်တော် ဥရောပဖလားပြိုင်ပွဲ ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလောက်ကို ပါဝင် ဆင်နွဲသွားချင်ပါတယ်။ ပြီးတော့ ကျွန်တော် ကလပ်အသင်းတွေမှာ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သလို နိုင်ငံတစ်နိုင်ငံကိုလည်း အသင်းတစ်သင်းအဖြစ် စုစည်းပေးချင်ပါတယ်။”
“ဒါကို ဘောလုံးအားကစားအတွက် လုပ်ဆောင်ပေးချင်ပါတယ်။ အားကစားနဲ့ နိုင်ငံကို ကိုယ်စားပြုတာမျိုးလည်း လုပ်ပေးချင်ပါတယ်။ ဒါက မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်လာပါလိမ့်မယ်။” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် မော်ရင်ဟိုအနေနဲ့ ဖီနာဘာချီနဲ့သာ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်း တစ်သင်းသင်းကို ပြောင်းလဲ နည်းပြသွားဖွယ် ရှိနိုင်ပါတယ်။