ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ လေဗာကူဆင်ကို အဝေးကွင်းမှာ ဂိုးမရှိ သရေရလဒ် ရအောင် ကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၁-၀နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝမှာ ပေါ်တို ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး စတဲ့ ထိပ်သီးအသင်းတွေကို ကိုင်တွယ်နိုင်ခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ် ဆုဖလား ၂ကြိမ် အပါအဝင် ဥရောပ ဆုဖလား ၅ကြိမ် အထိ ရယူနိုင်ခဲ့သူပါ။

Photo Credit: Roma Press

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မော်ရင်ဟိုက ရိုးမားနဲ့အတူ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ရိုးမားက ဒီရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

မော်ရင်ဟိုရဲ့ ရိုးမားက လူစာရင်းအရ အတောင့်တင်းဆုံးအသင်း မဟုတ်သလို ရလဒ်ပိုင်း တည်ငြိမ်မှုလည်း အားနည်းတာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ မဖြစ်နိုင်ဘူး ဆိုတဲ့ သုံးသပ်မှုတွေ ရခဲ့ပေမယ့် မော်ရင်ဟိုက သူ့ရဲ့ ခံစစ်အသားပေး ကစားဟန်ကို စွဲစွဲမြဲမြဲ ကျင့်သုံးကာ အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ထူးကဲတဲ့ နည်းစနစ်တွေကို အသုံးပြုပြီး ရိုးမားကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

Photo Credit: Standard

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ရိုးမားက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဆီဗီးလားနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

မှတ်တမ်းမှတ်ရာတွေ အရ မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝမှာ ယခုတကြိမ် အပါအဝင် ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေဆီ ၆ကြိမ် တက်ရောက်ထားနိုင်ခဲ့သလို မော်ရင်ဟိုက ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ တကြိမ်တခါမှ မရှုံးနိမ့်ဖူးကြောင်း သိရပါတယ်။