တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကတော့ သူနဲ့အတူ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ဖီနာဘာချီအသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဗန်ပါစီလက်သစ်လို့ပါ တင်စားခံရတဲ့အထိ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့်လည်း ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် ပြုမှုထားမှုကြောင့် အမှုရင်ဆိုင်ခဲ့ရရင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့ချိန်မှာတောင် ယူနိုက်တက်အတွက် ပြန်ကစားလို့ မရနိုင်တော့ပဲ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Marca

ဂီတာဖေးအသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားပါ ဖြစ်လာခဲ့ရတဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်းပေါင်း များစွာက စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ကလည်း သူ့ကို အသင်းကနေ တစ်ခါတည်း အပြီးသတ် ရောင်းချသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့အတွက် ဂျုဗင်တပ်စ် ၊ ဒေါ့မွန် ၊ ဘင်ဖီကာတို့နဲ့ အခု မော်ရင်ဟိုရဲ့ ကလပ်အသင်းသစ် ဖီနာဘာချီကပါ စိတ်ဝင်စားလာကြပြီး မော်ရင်ဟိုက ရိုးမားနည်းပြအဖြစ် ဆောင်ရွက်စဉ်ကတည်းက ဂရင်းဝုဒ်ကို ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်ခဲ့တာ ဖြစ်ကြောင်းလည်း သတင်းတွေမှာ တွေ့မြင်ထားခဲ့ရပါသေးတယ်။

Photo Credit : Football Transfer

အခုလည်း မော်ရင်ဟိုက သူရဲ့ အသင်းဟောင်း ယူနိုက်တက်ကနေ တပည့်ဟောင်း ဂရင်းဝုဒ်ကို တူရကီ ဘောလုံးရပ်ဝန်းဆီ ခေါ်ဆောင်သွားချင်နေပြန်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဂရင်းဝုဒ်ဟာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေပါတယ်။

ဒါပေမယ့် နည်းပြကြီး မော်ရင်ဟိုဟာ သူ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ဂရင်းဝုဒ်ရဲ့ အရည်အသွေးတွေကို အနီးကပ် တွေ့မြင်ထားရတာဖြစ်လို့ အခုလို ခေါ်ယူလို့ ရနိုင်မယ့် အခြေအနေမျိုးမှာ ဂရင်းဝုဒ်ကို အရ ခေါ်ယူသွားနိုင်အောင် ကြိုးပမ်းသွားဖို့ ဖီနာဘာချီအသင်းထံ တိုက်တွန်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။