မကြာသေးမီကမှ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့ လမ်းခွဲခဲ့တဲ့ ပေါ်တူဂီနည်းပြကြီး ဟိုဆေး မော်ရင်ဟိုက လတ်တလောမှာ နည်းပြအပြောင်းအလဲ လုပ်တော့မယ်လို့ သတင်းကြီးနေတဲ့ ဘိုင်ယန်မြူးနစ်ကို နည်းပြချင်တာကြောင့် ဂျာမန်ဘာသာစကားကို စတင် လေ့လာ သင်ယူနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၆၁ အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပေါ်တို ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ရိုးမား စတဲ့ ဥရောပရဲ့ ထိတ်ထိတ်ကြဲ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့်နည်းပြ ဖြစ်ပြီး သူက အင်္ဂလန် ၊ အီတလီ ၊ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေရဲ့ လိဂ်ဖလားတွေကိုလည်း ရယူထားနိုင်ပါတယ်။

Photo Credit: Fot Mob

တဖက်မှာတော့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ဖလားလက်မဲ့ရာသီ မရှိခဲ့တဲ့ အထိ အစဉ်အဆက် အောင်မြင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဂျာမန်စူပါဖလားနဲ့ ပိုကယ်ဖလားတို့ကို လက်လွှတ်ထားရသလို ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း အခြေအနေ မကောင်းတာကြောင့် ဖလားလက်မဲ့ရာသီ တခုနဲ့ ကြုံတွေ့ရဖို့ နီးစပ်နေပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ အမာခံပရိသတ်တွေက နည်းပြချုပ် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ စတင် တောင်းဆိုနေကြသလို ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကလည်း လာမယ့် ၄ ၊ ၅ပွဲမှာသာ ရလဒ်တွေ ဆက်ဆိုးနေမယ် ဆိုရင် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး ဂျာမဏီ သတင်းထောက် ဖြစ်သူ ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ရာထူးကို ရယူဖို့ စိတ်ဝင်စားနေတာကြောင့် ဂျာမန်ဘာသာစကားကိုတောင် စတင် လေ့လာ သင်ယူနေပြီလို့ သိရှိရပါတယ်။

မော်ရင်ဟိုက ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူချင်နေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တချို့က တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ရင်တောင် ဂျာမန်လူမျိုး နည်းပြများကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြပြီး ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဂျာမဏီနည်းပြဟောင်း ဂျိုအာချင်လိုလည်း ပါဝင်နေပါတယ်။