စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကတော့ သူ့အနေနဲ့ ဖြစ်နိုင်ရင် နည်းပြအလုပ်ကို အမြန်ဆုံး လုပ်ကိုင်သွားချင်နေပြီ ဖြစ်ပေမယ့်လည်း ဆုံးဖြတ်ချက် အမှားတွေ မဖြစ်လာဖို့အတွက် သေသေချာချာ စဉ်းစားနေတယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

နည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ရိုးမားအသင်း နည်းပြရာထူးကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒါကလည်း မော်ရင်ဟိုရဲ့ တတိယရာသီ ကျိန်စာကြောင့်လို့ ဆိုနိုင်ပြီး အခုအချိန်ထိ ဒီကျိန်စာဆိုးရဲ့ ဒုက္ခပေးနေမှုကို မော်ရင်ဟို ခံစားနေရပါတယ်။

Photo Credit : talkSPORT

ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါး ရိုးမာတို့ကို ကိုင်တွယ်ပြီး စပါးတစ်သင်းကလွဲလို့ ကျန်တဲ့ အသင်းတွေနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ရိုးမားအသင်းကိုလည်း သူရဲ့ပွဲဦးထွက်ရာသီမှာပဲ ကွန်းဖရန့်စ်လိဂ်ဖလား ရယူပေးခဲ့သလို နောက်တစ်ရာသီမှာလည်း ယူရိုပါလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုရဲ့ တတိယရာသီမှာ ရိုးမားအသင်းက အဆင့်(၉)နေရာထိ ရောက်ရှိနေပြီး စီးရီးအေ (၂)ပွဲဆက် ရှုံးပွဲကြုံတွေ့ရချိန်မှာပဲ သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ကာ ကစားသမားဟောင်း ဒီရော့စီကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

Photo Credit : talkSPORT

မော်ရင်ဟိုဆိုတာ ဘောလုံးလောကရဲ့ တကယ့်ကို အထင်ကရ နည်းပြတစ်ဦးဖြစ်ပြီး အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်တာကြောင့် သူ့ကို ဥရောပဘက်ကသာမကပဲ ဆော်ဒီကလပ်အသင်းတွေပါ အသင်းနည်းပြအဖြစ် တာဝန်ပေးသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ဖြစ်နိုင်ရင်တော့ မနက်ဖြန်ပဲ ကျွန်တော် နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ချက် အမှားတွေ မလုပ်ဆောင်သွားချင်ပါဘူး။ ရိုးမားမှာတော့ ကျွန်တော် အဆင်ပြေခဲ့တယ်။ (၂)နှစ်အတွင်းမှာပဲ ဥရောပပြိုင်ပွဲ (၂)ခုရဲ့ ဖိုင်နယ်တွေကို တက်လှမ်းနိုင်ခဲ့တယ်။ ဒါဟာ ကလပ်အသင်း တစ်သင်းအတွက် ခက်ခဲတဲ့ အရာပါပဲ။ လက်ရှိမှာတော့ မှန်ကန်တဲ့ အခွင့်အရေးတွေ ရလာမယ့် အချိန်ကို ကျွန်တော် စောင့်ဆိုင်းနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။