ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုက သူဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်မိကြောင်း ယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရယ်သွမ်းသွေးကာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၆၁နှစ် အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ၂၀၁၆ခုနှစ် ၊ ဇူလိုင်လ ၁ရက်နေ့ ကနေ ၂၀၁၈ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ရက်နေ့ အထိ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကွန်မြူနတီဒိုင်း ၁ကြိမ် ၊ ယူရိုပါလိဂ် ၁ကြိမ်နဲ့ ကားလင်းဖလား ၁ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟိုဆေး မော်ရင်ဟိုက ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေ အနက် ဆုဖလား အောင်မြင်မှု အများဆုံး နည်းပြ အဖြစ် ရပ်တည်နေသူ ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာလည်း မော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ရမှတ် ၁၀၀နဲ့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ဟိုဆေး မော်ရင်ဟိုရဲ့ ယူနိုက်တက်ကတော့ ရမှတ် ၈၁မှတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အဖြစ် ရာသီသိမ်းနိုင်ခဲ့ပါတယ်။

 

Photo Credit: Sky Sports

ဒါကြောင့်ပဲ ရီယို ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသလို မန်ချက်စတာ စီးတီးကသာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ချန်ပီယံဘွဲ့တွေ ပြန်သိမ်းခံရရင် (သို့) ရာသီတိုင်းမှာ ရမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရမယ် ဆိုရင် သူကလည်း မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံလို့ ရနိုင်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

မော်ရင်ဟိုက – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရနိုင်ချေ ရှိတယ်လို့ ထင်ပါတယ်။ တကယ်လို့ မန်ချက်စတာ စီးတီးကသာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း ထင်ရှားခဲ့လို့ ရမှတ်တွေ လျှော့ခံလိုက်ရရင် ကျွန်တော်တို့က အဲ့ဒီနှစ်ရဲ့ ချန်ပီယံ ဖြစ်နိုင်တယ်လေ” လို့ အရွှန်းဖောက်ကာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။