ဘင်ဖီကာနည်းပြသစ် ဂျိုဆေး မော်ရင်ဟိုတစ်ယောက် အသင်းကို စတင်ကိုင်တွယ်ပြီး ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ထုံးစံအတိုင်း ဒိုင်လူကြီးကို ပေါက်ကွဲဝေဖန်မှုတွေ ပြုလုပ်လိုက်ပြန်ပါပြီ။ ဘင်ဖီကာအသင်းဟာ ရီယို အေ့ဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁-၁ ဂိုး သရေကျခဲ့ပြီးနောက် မော်ရင်ဟိုက ကွင်းလယ်ဒိုင်လူကြီး ဆာဂျီယို ဂူဟယ်လိုကို အရည်အချင်းမရှိဘူးလို့ ပြင်းပြင်းထန်ထန် သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကမှ ဘင်ဖီကာနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မော်ရင်ဟိုအတွက် ဒီရလဒ်က စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒီရာသီမှာ နိုင်ပွဲလုံးဝမရသေးတဲ့ အသင်းငယ်လေး ရီယို အေ့ဗ်နဲ့ပွဲစဉ်မှာ ဘင်ဖီကာဟာ ပွဲချိန် (၈၆)မိနစ်ရောက်မှ ဟီအိုဟီး ဆူဒါကော့ဗ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာပါ။

Photo Credit : Goal

ဒါ့အပြင် ပွဲချိန် ဂိုးမရှိသရေကျနေစဉ်က ဘင်ဖီကာရခဲ့တဲ့ ဦးဆောင်ဂိုးကိုလည်း ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ နည်းဗျူဟာပိုင်းမှာ နာမည်ကြီးသလို စကားထေ့ထေ့ပြောတတ်တဲ့ မော်ရင်ဟိုက ဒိုင်လူကြီးကို အဓိကပစ်မှတ်ထားပြီး ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမပိုင်းမှာ လုံလောက်အောင် မကြိုးစားနိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာတော့ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးတစ်ဂိုးသွင်းခဲ့သေးတယ်။ ခြေချောင်းလေးတစ်ခုက နောက်ခြေချောင်းလေးတစ်ခုပေါ် နင်းမိရုံနဲ့ ဂိုးဖျက်သိမ်းခံရတယ်ဆိုရင်တော့ ဒါက ဘောလုံးလောကသစ်ကြီးပေါ့လေ။ ကျွန်တော်တော့ ဒီဘောလုံးလောကသစ်ကို မကြိုက်ဘူး။” လို့ မပယ်ဖျက်ခံခဲ့ရတဲ့ဂိုးနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက သရော်ပြောဆိုခဲ့ပါတယ်။

Photo Credit : FotMob

“ဒီရလဒ်က လုံးဝမတရားပါဘူး၊ ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ ရလဒ်တစ်ခုပဲ။ ဒါက ရီယို အေ့ဗ် လိုချင်တဲ့ ပွဲပုံစံဖြစ်ပြီး ဒိုင်လူကြီးကလည်း အဲ့ဒီအတိုင်းဖြစ်အောင် ခွင့်ပြုပေးခဲ့တယ်။” လို့ ဆိုခဲ့သလို သူက ဒိုင်လူကြီး ဂူဟယ်လိုနဲ့ ပတ်သက်ပြီး “သူ့မှာ အရည်အချင်း (ကိုယ်ပိုင်ဟန်) မရှိဘူး။” လို့ တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းဟာ လာမယ့်သီတင်းပတ်ကုန်မှာ ဂျေးလ် ဗီဆန်တေးနဲ့ လိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အဲ့ဒီနောက် (၄)ရက်အကြာမှာတော့ သူ့ရဲ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။