မန်ချက်စတာ ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ရဲ့ စိတ်ဓာတ်ကျမှုကို ပြန်လည် အားတင်းပေးမယ့် မျှော်လင့်ချက် သတင်းစကားကို သူ့ရဲ့ဆရာသမားဖြစ်သူ နည်းပြဟောင်း ဂျိုဆေး မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အမော်ရင်ရဲ့ ပထမဆုံး ကိုင်တွယ်တဲ့ ရာသီဟာ အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နဲ့သာ ရာသီသိမ်းနိုင်ခဲ့သလို ဘီလ်ဘာအိုမြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။

Photo Credit : Manchester Evening News

အမော်ရင်အတွက်တော့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ခက်ခဲနေပေမယ့် အသက်(၄၀)အရွယ် ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူဟာ သူ့ရဲ့ဆရာဖြစ်သူ မော်ရင်ဟိုဆီကနေ အားတက်ဖွယ် စကားအချို့ကို လက်ခံရရှိခဲ့ပါတယ်။ မော်ရင်ဟိုက သူ့ကိုယ်တိုင် ပေါ်တိုအသင်းမှာ နည်းပြဘဝအစပိုင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဥပမာပေးပြီး သူ့တပည့် အမော်ရင်ကို စိတ်ဓာတ် မြှင့်တင်ပေးခဲ့တာပါ။

Sky Sports နဲ့တွေ့ဆုံရာမှာ မော်ရင်ဟိုက “ဒီရှုံးပွဲရဲ့ သက်ရောက်မှုကတော့ ထင်ရှားပါတယ်။ တော့တင်ဟမ်အသင်းကတော့ ချန်ပီယံလိဂ်ကစားခွင့်ရသွားပြီ။ ချန်ပီယံလိဂ်ကနေရမယ့် သန်းပေါင်းများစွာသော ဝင်ငွေကြောင့် အသင်းဥက္ကဌ မစ္စတာလီဗိုင်းအတွက်တော့ သတင်းကောင်းပါပဲ။ ပရိသတ်တွေ ကစားသမားတွေနဲ့ နည်းပြအန့်ဂျ် အတွက်လည်း ဒါက ဆုဖလားတစ်လုံးပါ။ ပွဲက သိပ်အကောင်းကြီးမဟုတ်ခဲ့ပေမယ့် တော့တင်ဟမ်အတွက်တော့ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ တော့တင်ဟမ်က နှစ်ပေါင်းများစွာ ဆုဖလားလက်မဲ့ဖြစ်နေခဲ့တာကိုး။”

Photo Credit : Goal

“ကျွန်တော်သတင်းတွေမှာ ဖတ်ရသလောက်တော့ ယူနိုက်တက်အပေါ် သက်ရောက်မှုက တော်တော်ကြီးမားပါတယ်။ ယူနိုက်တက်င ဥရောပပြိုင်ပွဲတွေနဲ့ ဘယ်လောက်ကြာကြာ ဝေးကွာနေခဲ့ပြီလဲဆိုတဲ့ အချက်က အဓိကပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အသင်းက ရူဘင်ကို ထောက်ခံအားပေးနေပုံရတယ်။ သူ့ကို အချိန်ပေးပြီး ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးနေကြတယ်လို့ မြင်ပါတယ်။”

“သူ(အမော်ရင်) ကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ရောက်လာပြီး ဒီ(၆)လတာ ကာလကို ဖြတ်သန်းခဲ့ရတာကို ပျော်ရွှင်တယ်လို့ ပြောထားတာမျိုး ကျွန်တော် ဖတ်လိုက်ရတယ်။ ကျွန်တော် ပေါ်တိုကို စရောက်တုန်းကလည်း ဒီလိုပါပဲ။ ဇန်နဝါရီလမှာမှ ရောက်သွားပြီး ပထမ(၆)လက တော်တော်ခက်ခဲခဲ့တယ်။ ယူအီးအက်ဖ်အေဖလား (ယခု ယူရိုပါလိဂ်) ဝင်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရတယ်။ ပြီးတော့မှ ဘာတွေဖြစ်လာလဲဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်ကတော့ စိတ်နှစ်ခွဖြစ်ခဲ့ရတယ်။ တစ်ဖက်မှာ ကျွန်တော်က ယူနိုက်တက်ကို ချစ်တယ် ရူဘင်နဲ့လည်း ဆက်ဆံရေးက အရမ်းကောင်းတယ်။ ဒါပေမဲ့ နောက်တစ်ဖက်မှာကျတော့ ဆွန်နီ (ဆွန်ဟောင်မင်) ဖလားကြီးပိုက်ပြီး မျက်ရည်တွေနဲ့ အောင်ပွဲခံနေတာကို မြင်ရတော့ တော့တင်ဟမ်ပရိသတ်တွေအတွက်လည်း ဒါက တကယ်ထူးခြားတဲ့ခံစားမှုတစ်ခု ဖြစ်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။