ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစာသမား တဦး ဖြစ်သူ ဖရန့်ခ် လီဘော့ဖ်က မကြာသေးမီကမှ ရိုးမားကနေ ထုတ်ပယ်ခံထားရတဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုဟာ မိခင်နိုင်ငံ ပေါ်တူဂီရဲ့ နည်းပြချုပ် အဖြစ် တာဝန် ထမ်းဆောင်လိုတဲ့ စိတ်ကူးအိမ်မက် ရှိကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖောက်သည်ချသွားခဲ့ပါတယ်။

အသက် ၆၀အရွယ် ပေါ်တူဂီလူမျိုး ဝါရင့် ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံးနည်းပြ ၁၀ဦး စာရင်းထဲမှာ ပါဝင်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သူက ရိုးမားကနေ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Goal

မော်ရင်ဟိုက ရိုးမားကို ၂ရာသီခွဲကြာအောင် ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလား ၁လုံး ရယူပေးနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲဆီပါ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ရိုးမားရဲ့ ပိုင်ရှင်တွေကို လုံလောက်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ မလုပ်ပေးတဲ့ အတွက် မကြာခဏ ရွဲ့စောင်းကာ ဝေဖန်ခဲ့ပါတယ်။

သူ့ရဲ့ အရွဲ့တိုက်ပြောခဲ့တဲ့ စကားတွေကြောင့်ပဲ ရိုးမားရဲ့ပိုင်ရှင်တွေက ရာသီဝက်ကာလမှာ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မော်ရင်ဟိုကတော့ ဆိုင်းမဆင့် ဗုံမဆင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အတွက် အတော်လေး ကြေကွဲ ဝမ်းနည်းနေပါတယ်။

Photo Credit: MSN

ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် သူ့ရဲ့အရည်အချင်းတွေကြောင့် ဆော်ဒီထိပ်သီးကလပ်တွေ အပါအဝင် ကမ္ဘာတလွှားမှာ ရှိတဲ့ နာမည်ကြီးအသင်းတွေက မော်ရင်ဟိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ အပြိုင်အဆိုင် လုပ်နေကြပြီး မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ လီဘော့ဖ်ကတော့ မော်ရင်ဟို ကိုင်တွယ်ချင်တဲ့ အိမ်မက်အသင်းဟာ ပေါ်တူဂီအသင်း ဖြစ်ကြောင်း ဆိုလာပါတယ်။

လီဘော့ဖ်က – “ကျွန်တော်က ဟိုဆေး မော်ရင်ဟိုကို လော့အိန်ဂျလိစ်မြို့မှာ အင်တာဗျူး တခု လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက သူဟာ ရီးရဲလ် (ဒါမှမဟုတ်) ချယ်လ်ဆီးကို ကိုင်တွယ်နေတာပါ။ အဲ့ဒီအင်တာဗျူးမှာ မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝ နောက်ဆုံးအလုပ် အဖြစ် ပေါ်တူဂီအသင်းကို ကိုင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒါဟာ မော်ရင်ဟိုရဲ့ ပန်းတိုင် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အခုချိန်မှာ ရော်ဘတ်တို မာတီနက်ဇ် ရှိနေတဲ့ အတွက် သူက ပေါ်တူဂီနည်းပြ ဖြစ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် သူကသာ ယူရိုပြိုင်ပွဲ ပြီးတဲ့ အချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်မယ် ဆိုရင် ပေါ်တူဂီနည်းပြ လုပ်ဖို့ အခွင့်အရေး ရနိုင်ပါတယ်” လို့ မော်ရင်ဟိုရဲ့ အိမ်မက်အသင်းကို ဖောက်သည်ချကာ ပြောပြသွားခဲ့တာပါ။