အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကို ကိုင်တွယ်နေတဲ့ စပါယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေး မော်ရင်ဟိုက ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ လူတဦး ဖြစ်သူ ကားလို့စ် အယ်ဘာတိုက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ မော်ရင်ဟိုက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်ပြီး သူက ပေါ်တို ၊ အင်တာမီလန် ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို ဆုဖလားပေါင်း များစွာလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football Italia

      မော်ရင်ဟိုက စီးရီးအေမှာ နာမည်သာ ကျန်တော့တဲ့ ရိုးမားကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ တာဝန်ယူ ကိုင်တွယ်နေပြီး သူ့ရဲ့ လက်ထက်မှာ ရိုးမားက နှစ်ပေါင်းများစွာ ဆုဖလားနဲ့ ဝေးကွာနေခဲ့တဲ့ အရိပ်ဆိုးကို ယူရိုပါ ကွန်းဖရန့်လိဂ်နဲ့အတူ ချေဖျက်နိုင်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ အရည်အသွေးတွေကြောင့်ပဲ နည်းပြတီတီ မရှိတော့တဲ့နောက် နည်းပြချုပ်နေရာ လစ်လပ်နေတဲ့ ဘရာဇီးလ်အသင်းက မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟိုထံ ဆက်သွယ်ကာ နည်းပြရာထူး အတွက် ကမ်းလှမ်းမှုလည်း လုပ်ခဲ့ပါတယ်။

Photo Credit: Football Italia

      မော်ရင်ဟိုနဲ့ နီးစပ်တဲ့ ကားလို့စ် အယ်ဘာတိုက မော်ရင်ဟိုဟာ ဘရာဇီးလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားနေပြီး သူ့ကိုလည်း ဘရာဇီးလ်ရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်ပေးဖို့ မော်ရင်ဟို ကိုယ်တိုင် လာပြောထားကြောင်း ဆိုလာပါတယ်။

ကားလို့စ် အယ်ဘာတိုက – “ကျွန်တော် တည့်တည့်ပဲ ပြောချင်ပါတယ်။ မော်ရင်ဟိုက ဘရာဇီးလ်ရဲ့ နည်းပြသစ် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ကျွန်တော်က ဒါကို လူသိရှင်ကြား ပြောချင်ပါတယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ လက်ထောက်နည်းပြ အဖြစ် လာလုပ်ပေးဖို့ ကမ်းလှမ်းထားပါတယ်” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။