မကြာသေးမီကမှ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကနေ ထုတ်ပယ်ခံထားရတဲ့ နာမည်ကြီး ပေါ်တူဂီနည်းပြ ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ အရည်အသွေးကို သက်သေပြဖို့ အတွက် နည်းပြလောကထဲ အမြန်ဆုံး ပြန်လည် ဝင်ရောက်ချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၆၀အရွယ် နာမည်ကြီး ပေါ်တူဂီနည်းပြ ဟိုဆေး မော်ရင်ဟိုက ၂၀၂၁ခုနှစ် ၊ ဇူလိုင်လ ၁ရက်မှာ ရိုးမားကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ရိုးမားက ကစားပုံပိုင်းရော ၊ အောင်မြင်မှုပိုင်းမှာပါ တိုးတက်လာခဲ့ပြီး မော်ရင်ဟိုဟာ ရိုးမားရဲ့ ကာလရှည် ဖလားလက်မဲ့ ဖြစ်နေမှုအား ယူရိုပါ ကွန်းဖရန့်လိဂ်ဖလားကို ရယူကာ အဆုံးသတ်ပေးခဲ့ပါတယ်။

Photo Credit: Goal

မော်ရင်ဟိုက သူ့ရဲ့ ရိုးမားနည်းပြဘဝ ပထမဦးဆုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ကို ကိုင်မြှောက်နိုင်ခဲ့သလို ဒုတိယရာသီမှာလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ပို့ပေးနိုင်ခဲ့ပြီး ကံမကောင်း အကြောင်းမလှလို့သာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာပါ။

ဒီရာသီမှာလည်း မော်ရင်ဟိုက ရိုးမားကို သူ စွမ်းနိုင်သလောက် အကောင်းဆုံး ဦးဆောင်ပေးထားပေမယ့် ရိုးမားရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟိုကို သဘောမကျတော့တာကြောင့် ရာထူးကနေ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပယ်လိုက်ကာ အသင်းရဲ့ ကစားသမားဟောင်း ဒီရော့ဆီကို နည်းပြသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ရိုးမားဘုတ်အဖွဲ့ရဲ့ သူ့ကို ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်းအား သက်သေပြလိုနေတာကြောင့် နည်းပြလောကထဲကို အမြန်ဆုံး ပြန်လည် ဝင်ရောက်ချင်နေသလို အီတလီ စီးရီးအေမှာပဲ ဆက်လက် ရှိနေချင်နေပြီး မော်ရင်ဟိုဟာ ယခုတပတ်ထဲမှာ နာပိုလီရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ နာပိုလီကို ကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ နည်းပြအပြောင်းအလဲ များနေတာကြောင့် ရလဒ်တွေ ဆိုးဝါးနေပြီး နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က မော်ရင်ဟိုကို သူတို့အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း နာပိုလီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။