ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)မှာ အဲဗာတန်ကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် သူတို့အသင်းဟာ လာမယ့် ဆောင်းဈေးကွက်မှာ အားဖြည့်မှုတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဥရောပရဲ့ ငွေသုံးအကြမ်းဆုံးအသင်း ဖြစ်ခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ပါလ်မာနဲ့ ဂျက်ဆန်တို့ နှစ်ဦးထဲသာ အသုံးဝင်ပါသေးတယ်။

Photo Credit: Reuters

ချယ်လ်ဆီးက ပါလ်မာနဲ့ ဂျက်ဆန်တို့အပြင် အန်ကွန်ကူ ၊ လာဗီယာ ၊ ကိုင်စီဒို စတဲ့ ထိပ်တန်း ကစားသမားတွေကိုလည်း ခေါ်ယူခဲ့ပေမယ့် အန်ကွန်ကူနဲ့ လာဗီယာတို့က ဒဏ်ရာပြဿနာတွေကြောင့် အခုချိန်အထိ အသင်းအတွက် မကစားပေးနိုင်သေးသလို ကိုင်စီဒိုကလည်း ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ ပိုချက်တီနိုက ကိုင်စီဒို ၊ ပါလ်မာနဲ့ ဂျက်ဆန်တို့ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ၃ဦးစလုံးက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အဲဗာတန်က ဒူကူရီနဲ့ ဒေါ်ဘီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချယ်လ်ဆီးကို ၂ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Standard

အဲဗာတန်ကို အဝေးကွင်းမှာ ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အပြီးမှာ အဆင့်(၁၂) နေရာအထိ ရောက်ရှိသွားခဲ့ပြီး ပိုချက်တီနိုကတော့ သူတို့အသင်းမှာ အားနည်းချက်တွေ အများကြီး ရှိနေတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ပေးဖို့ အသင်းပိုင်ရှင်တွေကို တောင်းဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ဒီပွဲရဲ့ ရလဒ်ပိုင်းအတွက် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဒီပွဲက ကျွန်တော်တို့တွေ မဖြစ်မနေ အနိုင် ကစားရမယ့် ပွဲမျိုးပါ။ ဒီလိုပွဲမျိုးမှာ မနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့က ပြဿနာတွေကို ဆန်းစစ် အဖြေရှာဖို့ လိုအပ်သွားပါပြီ။ ကျွန်တော်တို့က အသင်းတွင်းမှာ အစည်းအဝေးတွေ လုပ်ပြီး လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကို ဘယ်လို အင်အားထပ်ဖြည့်မလဲ ဆိုတာ ဆွေးနွေးရမယ့် အချိန်ကို ရောက်ပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။