အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်ကို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးဘက်ကနေ လုံးဝ လက်မလွတ်ချင်ပေမယ့် မောင့်ကိုယ်တိုင်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ရအောင် ပြောင်းရွှေ့ချင်ခဲ့တာလို့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ပြောဆိုလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်ဟာ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်မှာပဲ ချယ်လ်ဆီး လူငယ်အကယ်ဒမီဆီ စတင် ရောက်ရှိခဲ့ပြီး သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ရင်း အသက် (၁၈)နှစ် အရွယ်မှာပဲ ချယ်လ်ဆီးအသင်းကြီးဆီ တက်လှမ်းခဲ့ရပါတယ်။

Photo Credit : Chelsea Football Club

မောင့်က ဗွီတက်ဆီ ဒါဘီကောင်တီတို့မှာ အငှားသွားကစားရင်း ၂၀၁၉ကနေ စတင်ပြီး ချယ်လ်ဆီးနဲ့ ပြန်လည် ပူးပေါင်းခဲ့ရင်း ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ (၂)ရာသီဆက်တိုက် ပိုင်ဆိုင်ရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ မေဆန်မောင့်က သူအနှစ်နှစ် အလလ လက်တွဲခဲ့တဲ့ ချယ်လ်ဆီးကို စွန့်ခွာပြီး ပြိုင်ဘက် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရာ ဒီနေ့မှာပဲ မောင့်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်သွားရပါတော့မယ်။

Photo Credit : The Chelsea Chornicle

မောင့်အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ချယ်လ်ဆီးအသင်းက မေဆန်မောင့်ကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေပြီးတော့ စာချုပ်သစ်ကိုလည်း အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းလာချင်ခဲ့တာပါ။”

“သူက အဲ့ဒီခြေလှမ်းကို လှမ်းခဲ့ချင်တာ။ ဒါကြောင့်လည်း သူက ကျွန်တော်တို့အသင်းနဲ့ ပူးပေါင်းလာခဲ့တာ။ သူက မန်ယူနိုက်တက်အသင်းအတွက် တကယ့်ကို အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာမယ်ဆိုတာကို ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။