ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်လ်ဆီးကနေ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အသင်းက နိုင်ပွဲ မရခဲ့လို့ မပျော်နိုင်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို မေဆန်မောင့်ကို ခေါ်ယူနိုင်ဖို့ အတွက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ကြေး ယူရို ၆၄သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက်ကာ အသုံးပြုဖို့ အတွက် မေဆန်မောင့်ကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် မေဆန်မောင့်က ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပါတယ်။

မေဆန်မောင့်က ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ ၂ခုကြောင့် ရက်ပေါင်း ၁၄၇ရက်ကြာ အနားယူခဲ့ရပြီး သူက ယူနိုက်တက် အတွက် ပွဲအနည်းငယ်သာ ကစားပေးထားရတာကြောင့် သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးသွင်းဂိုးကိုလည်း ရာသီကုန်ခါနီးမှသာ ရရှိခဲ့ပါတယ်။

Photo Credit: Metro

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မေဆန်မောင့်က ပွဲချိန် ၈၀မိနစ်မှာ အသင်းဖော် မားကပ် ရက်ဖို့ဒ်နဲ့ လူစားလဲကာ ဝင်ရောက် ကစားခွင့် ရခဲ့ပြီး သူက ပွဲချိန် ၉၀+၆ မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် သူ့ရဲ့ ဗွေဆော်ဦးဂိုးလည်းဖြစ် ၊ ပွဲရဲ့ ဦးဆောင်ဂိုးလည်း ဖြစ်တဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ကံမကောင်းစွာနဲ့ပဲ ပွဲရဲ့ နောက်ဆုံးမိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် မေဆန်မောင့်ရဲ့ သွင်းဂိုးဟာ ယူနိုက်တက် အတွက် ရမှတ် ၃မှတ် ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ မေဆန်မောင့်က ပွဲပြီးဆုံးချိန်မှာ သူဟာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ ဂုဏ်ယူပေမယ့် နိုင်ပွဲ မရခဲ့တဲ့ အတွက် ခံစားချက်တွေ ရောထွေးနေတယ်လို့ ဆိုလာပါတယ်။ မေဆန်မောင့်က – “ခံစားချက်တွေကတော့ ရောထွေးနေပါတယ်။ ယူနိုက်တက် အတွက် ပထမဦးဆုံးသွင်းဂိုးကို သွင်းပေးနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။