ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူ မေဆန်မောင့်က ယခု နွေဈေးကွက်အတွင်းမှာ သူ ပြောင်းချင်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းနိုင်ခဲ့ရင် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်သည် အထိ ဆက်နေကာ လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်နဲ့ ပြောင်းဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ ကော့ဘ်ဟမ်းအကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

မေဆန်မောင့်က ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ရဲ့ စင်တင်ပေးမှုကြောင့် အရောင်ထွက်လာတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အလွတ်တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်မှု ၊ လုပ်အားနှုန်း ကောင်းမွန်မှုနဲ့ အကွက်မြင်မြင် ဖန်တီးနိုင်စွမ်းတို့ကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့သူပါ။

မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ်နဲ့ လီဗာပူးတို့က မေဆန်မောင့်ကို အပြိုင် စိတ်ဝင်စားခဲ့ပေမယ့် မေဆန်မောင့်ကတော့ သူ့ဖခင် တိုနီမောင့် အားပေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့ပြီး မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပါတယ်။

Photo Credit: Football Transfer

မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် မေဆန်မောင့်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့် အတွက် ပေါင် ၄၅သန်းတန် ကမ်းလှမ်းမှု ၊ ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု ၊ ပေါင် ၅၅သန်းတန် ကမ်းလှမ်းမှု စသဖြင့် ကမ်းလှမ်းမှု ၃ကြိမ် အထိ လုပ်ခဲ့ပေမယ့် ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မေဆန်မောင့်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း မတိုးတော့ဖို့ ဆုံးဖြတ်ချက် ချထားပြီး ချယ်လ်ဆီးက သူ့ကို ယခု နွေဈေးကွက် အတွင်းမှာ မရောင်းချရင်လည်း လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။