နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ရီးယဲလ် ဘက်တစ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ မျက်ရည်များကျဆင်းကာ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ စပိန်နိုင်ငံ အန်ဒါလူရှားဒေသကို ပြန်လာဖို့ အသည်းအသန်ဖြစ်နေခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အကြိမ်ကြိမ် အခက်အခဲရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ လာရောက်ကစားခဲ့ပြီးနောက် အခုတစ်ကြိမ် အပြီးသတ်ပြန်လည်ရောက်ရှိလာတဲ့ အန်တိုနီက သူ့ရဲ့ပျော်ရွှင်မှုကို ထိန်းမထားနိုင်ခဲ့ပါဘူး။

Photo Credit : Daily Mail

Diario AS သတင်းဌာနကို သူက “တကယ်ကို ကွာခြားသွားပြီ! ဆီဗီးလ်မြို့က မန်ချက်စတာထက် ပိုလှတယ်။ နောက်ဆုံးတော့ ကျွန်တော်ဒီကို ရောက်လာခဲ့ပါပြီ။ ဟိုတယ်မှာ ရက်ပေါင်း (၄၀)ကျော်ကြာ နေခဲ့ရတယ်။အရမ်းခက်ခဲခဲ့ပေမယ့် ကျွန်တော် ဘက်တစ်ကို ပြန်လာချင်တယ်ဆိုတာ လူတိုင်းသိပါတယ်။”

“ဘက်တစ်ပရိသတ်တွေရဲ့ ချစ်ခင်မှုကို မြင်ရတော့ ကျွန်တော် အိပ်လို့တောင်မပျော်ခဲ့ပါဘူး။ မနက် (၂)နာရီမှာ ကျွန်တော့်အိမ်ရှေ့မှာ လူတွေက စောင့်နေကြတယ်။ ကျွန်တော့်အတွက် ချစ်ခင်မှုက အရမ်းအရေးကြီးပြီး ပိုက်ဆံနဲ့အရာအားလုံးကို ဝယ်လို့မရပါဘူး။ ဒီမှာတော့ ကျွန်တော် ခံစားချက်တွေ ချစ်ခင်မှုတွေ အများကြီးရတယ်။ သူတို့က ကျွန်တော့်ရဲ့ ပထမဆုံးရွေးချယ်မှုဖြစ်လို့ နောက်ဆုံးနေ့အထိ ကျွန်တော် စောင့်ခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : The Sun

သူ့ရဲ့ခက်ခဲခဲ့တဲ့ နွေရာသီအကြောင်းကို မေးမြန်းရာမှာတော့ အန်တိုနီတစ်ယောက် မျက်ရည်များကျဆင်းကာ ငိုကြွေးခဲ့ပါတယ်။ ယူနိုက်တက်မှာ အသင်းကြီးကနေ ဖယ်ထုတ်ခံထားရသူဖြစ်တာကြောင့် အသင်းဖော်တွေနဲ့အတူ မဟုတ်ဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်ရေးဆင်းခဲ့ရတာ ဖြစ်ပါတယ်။

“အဲ့ဒီမှာရှိနေရတာ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ ကျွန်တော့်မိသားစုပဲ သိပါတယ်။” လို့ သူက မျက်ရည်တွေကြားက ဆိုပါတယ်။ “တစ်ယောက်တည်း သီးသန့်လေ့ကျင့်နေရတာ။ ဒါပေမဲ့ ဒီလို မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့် ရောက်လာမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ နောက်ဆုံးမှာ ပျက်သွားမှာကို ကျွန်တော်စိုးရိမ်ခဲ့ပေမယ့် ယုံကြည်ချက်အများကြီးနဲ့ စောင့်ခဲ့ပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။