၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မိုရာတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲမှာ ဂျာမဏီကို သရေကစားခဲ့ပြီးနောက် ရမှတ် ၄မှတ် ရထားတာကြောင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ ဂျပန်ကို လျှော့မတွက်ကြဖို့ အသင်းဖော်တွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

စပိန်က ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီ ၊ ဂျပန် ၊ ကော်စတာရီကာတို့နဲ့ တအုပ်စုထဲ ကျရောက်နေရာ အုပ်စုအဖွင့်ပွဲမှာ ကော်စတာရီကာကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားသလို အုပ်စု ဒုတိယပွဲမှာ ဂျာမဏီကို တဖက် တဂိုးစီနဲ့ သရေရလဒ် ရရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့် စပိန်က အုပ်စုနောက်ဆုံးပွဲ အဖြစ် ကစားရမယ့် ဂျပန်နဲ့ပွဲမှာ အနည်းဆုံး သရေတမှတ် ရယူနိုင်ရုံနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ရှိနေခဲ့ပြီး တဖက်မှာလည်း ကော်စတာရီကာနဲ့ ဂျပန်တို့က ရမှတ် ၃မှတ်စီနဲ့ ဂျာမဏီက ရမှတ် ၁မှတ် ရယူထားနိုင်တာကြောင့် သူတို့ရဲ့ အုပ်စုဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာ မထင်မှတ်ပဲ ရှုံးနိမ့်သွားခဲ့ရင် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အနည်းငယ် ခက်ခဲသွားနိုင်တာကြောင့် စပိန်ရဲ့ ဝါရင့် ကစားသမားတွေထဲက တဦး ဖြစ်သူ တိုက်စစ်မှူး မိုရာတာက ဂျပန်နဲ့ပွဲမှာ ရေကုန်ရေခမ်း ကြိုးစား ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့သလို ဂျပန်ဟာ အသင်းကောင်း တသင်း ဖြစ်တာကြောင့် သူတို့အတွက် ခက်ခဲမယ့် ပွဲတပွဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Goal

မိုရာတာက – “ဂျပန်က ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်အသင်း တသင်းပါ။ သူတို့က အတော်လေး ပြေးလွှားနိုင်သလို နည်းစနစ်ပိုင်းလည်း မြင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက် နောက်ထပ် ခက်ခဲမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆိုတာ ဒီလိုပါပဲ။ ပွဲတိုင်းက ခက်ခဲနေတာလေ။ ကျွန်တော်တို့က ဒါကို အမြဲတမ်း ခေါင်းထဲမှာ ထည့်ထားရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

စပိန်က အုပ်စုဗိုလ်နေရာ ရဖို့ အတွက် ဂျပန်နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပြီး အကယ်၍ သရေကျသွားခဲ့ရင်တော့ ကော်စတာရီကာနဲ့ ဂျာမဏီတို့ရဲ့ ပွဲမှာ ကော်စတာရီကာ နိုင်မလား ၊ မနိုင်ဘူးလား ဆိုတာကို စောင့်ကြည့်သွားရဖို့ ရှိပါတယ်။