မွန်တာရေးအသင်းနည်းပြ ဒိုမေနက် တောရန့်က ဒီနေ့မှာ ကစားရမယ့် ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဒေါ့မွန်အသင်းနှင့်ပွဲစဉ်ဟာ ကလပ်သမိုင်းတစ်လျှောက် အရေးအကြီးဆုံးပွဲဆိုတဲ့ ယူဆချက်ကို ပယ်ချလိုက်ပြီး သူတို့အသင်းကို အောက်ကြေးအဖြစ် သတ်မှတ်ခံရခြင်းကိုလည်း စိုးရိမ်ခြင်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။

“ပွဲတိုင်းက အရေးကြီးပါတယ်။ ဘာလို့ ဒီတစ်ပွဲတည်းကို အရေးအကြီးဆုံးလို့ တံဆိပ်တပ်နေကြလဲ ကျွန်တော်မသိဘူး။ မွန်တာရေးကလပ်က အနှစ် ၈၀ သက်တမ်းရှိပါပြီ။ ဒါ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပွဲစဉ် မဟုတ်ပါဘူး။နိုင်ငံတကာအဆင့်မှာ နိုင်ပွဲတစ်ပွဲက ကျွန်တော်တို့အဖွဲ့အစည်းအတွက် နည်းပြအဖွဲ့သစ်ဖြစ်တဲ့ ကျွန်တော်တို့အတွက် ပြီးတော့ ကစားသမားတွေအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုဖြစ်မှာပါ။”

Photo Credit : Goal

“ဒါပေမဲ့ ကလပ်သမိုင်းမှာ အရေးအကြီးဆုံးလို့တော့ ကျွန်တော်မပြောရဲဘူး။ ကျွန်တော်အရာအားလုံးကို မသိနိုင်ဘူးလေ။ ကျွန်တော်တို့က ရည်မှန်းချက်ကြီးတဲ့ အောင်မြင်မှုလိုလားတဲ့ ကလပ်တစ်သင်းဖြစ်ပြီး ဒီပွဲက အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာက စောင့်ကြည့်နေလို့ပါပဲ။” လို့ တောရန့်က ပြောဆိုသွားခဲ့ပါတယ်။

အားကစားဆိုင်ရာ အောင်မြင်မှုအရ ဒီပွဲဟာ မွန်တာရေးအသင်းသမိုင်းအတွက် အရေးအကြီးဆုံးပွဲစဉ် မဟုတ်ပေမယ့် ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူအများဆုံး ပွဲများထဲမှ တစ်ပွဲဖြစ်လာမှာတော့ သေချာနေပါတယ်။ ကွာတားဖိုင်နယ်တက်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်လို့ ကမ္ဘာ့ဘောလုံးပရိသတ်ရဲ့ အာရုံစိုက်မှုက မွန်တာရေးအသင်းအပေါ် ယခင်ကထက် ပိုမိုကျရောက်နေပါလိမ့်မယ်။

Photo Credit : Goal

နည်းပြ တောရန့်က သူ့ကစားသမားများအပေါ် ကျရောက်နေတဲ့ ဖိအားများကို လျှော့ချဖို့ ကြိုးစားနေတာ ထင်ရှားပေမယ့်လည်း စပိန်လူမျိုးနည်းပြကြီးက ဒေါ့မွန်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားမှာ ကျန်ရှိနေသေးသော ဥရောပအသင်းများထဲကမှ အားအနည်းဆုံးဟူသော သတ်မှတ်ချက်ကိုတော့ ပယ်ချခဲ့သလို မကြာသေးမီက ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ခြင်းကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

“လုံးဝမဟုတ်ပါဘူး။ ဒေါ့မွန်ကို ကျန်ဥရောပအသင်းတွေထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်လိုက်ရင် အမှားကြီးမှားပါလိမ့်မယ်။ သူတို့ လွန်ခဲ့တဲ့တစ်နှစ်ကပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ခဲ့တာလေ တခြားအသင်းတွေ မတက်နိုင်ခဲ့ဘူး။ ဒီလိုတွေးလိုက်တာက လေးစားမှုမရှိရာကျပါလိမ့်မယ်။” လို့ တောရန့်က ဆိုသွားခဲ့ပါတယ်။