မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ဂိုးသမား အန်ဒရေ အိုနာနာကို ရောင်းထုတ်ဖို့ အခွင့်အရေးတစ်ခု ရရှိလာဖွယ်ရှိနေပြီး ပြင်သစ်ကလပ် မိုနာကိုအသင်းက ကင်မရွန်းဂိုးသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ မိုနာကိုအသင်းဟာ သူတို့ရဲ့ ဂိုးသမားနေရာကို အဆင့်မြှင့်တင်ဖို့အတွက် အိုနာနာကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပြင်သစ်ထိပ်တန်းကလပ်ဟာ လက်ရှိဂိုးသမားတွေဖြစ်တဲ့ ရာဒိုဆလော့ မာဒက်စကီနဲ့ ဖိလစ် ကိုဟန်တို့ထက် ပိုကောင်းတဲ့ ဂိုးသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ယူနိုက်တက်ရဲ့ ဂိုးသမား အိုနာနာကို မျက်စိကျလို့နေပါတယ်။

Photo Credit : Tribuna

ဒါပေမဲ့ အိုနာနာဟာ သူတို့ရဲ့ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ ချယ်လ်ဆီးဂိုးသမား ဂျော်ဂျေး ပက်ထရိုဗစ်ဟာလည်း သူတို့ရဲ့ ရွေးချယ်စရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပက်ထရိုဗစ်ဟာ စထရာဘိုးအသင်းမှာ အငှားနဲ့ သွားရောက်ကစားရင်း လက်စွမ်းပြသနိုင်ခဲ့ပေမယ့် နည်းပြ အန်ဇို မာရက်စကာရဲ့ လာမယ့်ရာသီအတွက် အစီအစဉ်တွေထဲမှာ ပါဝင်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။

မိုနာကိုဟာ ယူနိုက်တက်ကစားသမားဟောင်း ဒေးဗစ် ဒီဂီယာကိုလည်း စဉ်းစားခဲ့သေးပေမယ့် သူက ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဂိုးသမား မတ် အန်ဒရေ တာစတီဂန်ဟာလည်း ကတ်တလန်ကလပ်က အက်စ်ပန်ညိုအသင်းကနေ ဂျိုအန် ဂါစီယာကို ခေါ်ယူခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေ ရှာဖွေလိုနေတာကြောင့် ဈေးကွက်ထဲမှာ ရရှိနိုင်နေပါတယ်။

Photo Credit : United in Focus

အိုနာနာရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး သူ့ကိုခေါ်ယူမယ်ဆိုရင်တော့ ဈေးသက်သာမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်က နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုနဲ့ အင်တာမီလန်အသင်းကနေ သူ့ကို ပေါင် ၄၇.၅ သန်း အသုံးပြုပြီး ခေါ်ယူခဲ့တာဖြစ်လို့ အနည်းဆုံး ပေါင် သန်း ၃၀ လောက် ပြန်ရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အက်စတွန် ဗီလာဂိုးသမား အီမီ မာတီနက်ဇ်အတွက် နေရာရှင်းပေးဖို့နဲ့ အိုနာနာကို အသင်းစာရင်းကနေ ထုတ်ပယ်ဖို့ အသည်းအသန် ဖြစ်နေပုံရတာကြောင့် မဖြစ်မနေ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ ကနဦးအငှားစာချုပ်မျိုးနဲ့လည်း သဘောတူညီမှု ရနိုင်ပါတယ်။

မိုနာကိုအသင်းဟာ ဒီနွေရာသီမှာ ငွေသုံးကြမ်းဖို့ ပြင်ဆင်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပေါလ် ပေါ့ဘာကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့ အပြိုင်ဖြစ်နေတာကြောင့် တခြားရွေးချယ်စရာတွေကို ရှာဖွေရမယ့် အခြေအနေလည်း ရှိနေပါတယ်။