သူဟာ ဘောလုံးသမိုင်းရဲ့ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ ပြောဆိုခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ဘောလုံးနယ်ပယ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေရချိန် အခုလည်း လီယွန်နယ် မက်ဆီရဲ့ လက်ရွေးစင် အသင်းဖော် မိုလီနာကပါ အကောင်းဆုံးတွေက ဒါမျိုးတွေ ပြောမနေဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

မကြာသေးခင်ကမှ အသက်(၄၀)ပြည့်ထားပြီး အခုထိ အကောင်းဆုံး ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ဘလွန်းဒီအော်ဆုရှင် (၅)ဆုရှင် ရော်နယ်လ်ဒိုက သူ့ကိုယ်သူ ဘောလုံးသမိုင်းမှာ အပြည့်စုံဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့သလို သူ့ရဲ့ အရည်အသွေးနဲ့ စံချိန်တွေက သူ့ကို မက်ဆီ၊ ပီလီနဲ့ မာရာဒိုနာတို့ထက် သာလွန်စေတယ်လို့ သူက ယုံကြည်နေပါတယ်။

Photo Credit : beIN SPORTS

ရော်နယ်လ်ဒိုရဲ့ အခုလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ လက်မခံမှုတွေ များနေရသလို သူ့ရဲ့ ထာဝရပြိုင်ဘက်ဖြစ်တဲ့ မက်ဆီနဲ့ နီးစပ်သူတွေဆိုရင် ရော်နယ်လ်ဒိုရဲ့ ပြောစကားအပေါ် ပိုပြီးတော့တောင် သဘောမတူကြပါဘူး။ မက်ဆီဟာ ဘာလွန်းဒေါဆုကို (၈)ကြိမ်အထိ ရရှိထားပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နေပါတယ်။

အခုလည်း မက်ဆီရဲ့ အာဂျင်တီးနား အသင်းဖော်ဖြစ်တဲ့ အသက်လက်တီကို မက်ဒရစ် ညာနောက်ခံကစားသမား နာဟွယ် မိုလီနာက ရော်နယ်လ်ဒို ပြောစကားနဲ့ ပတ်သက်ပြီး “အကောင်းဆုံးဖြစ်ဖို့အတွက် ကိုယ့်ဘာသာကိုယ် ပြောနေစရာ မလိုပါဘူး၊ တခြားသူတွေက ပြောပေးရမှာပါ။ ကျွန်တော် အဲဒီလိုပဲ ထင်ပါတယ်။ တခြားသူတစ်ယောက်ယောက်က ‘မင်း ဒါကို ကောင်းကောင်းလုပ်နိုင်တယ်’ လို့ ပြောမှ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံးလို့ သတ်မှတ်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : dataref

ဒါ့အပြင် GOAT အငြင်းအခုံနဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ မိုလင်နာက အတိအကျ အဖြေမပေးလိုဘဲ “ခရစ္စတီယာနိုဟာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဘောလုံးကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး။ သမိုင်းမှာ အကောင်းဆုံးလား၊ မဟုတ်ဘူးလားဆိုတာကို တခြားသူတွေက ဆုံးဖြတ်ရမှာပါ” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ သူတို့ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်တွေထိ ထူးခြားတဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်များကို ဆက်လက် ပြသထားနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနဲ့ ဆော်ဒီပရိုလိဂ်အသင်း အယ်လ်နာဆာတို့အတွက် ဂိုးတွေ အများအပြား သွင်းပေးနေဆဲဖြစ်ပြီး အင်တာ မိုင်ယာမီအသင်းရဲ့ ကပ္ပတိန် မက်ဆီဟာလည်း ၂၀၂၅ ဘောလုံးရာသီအတွက် ပြင်ဆင်နေသလို လက်ရှိ MLS ရဲ့ အကောင်းဆုံး ကစားသမားဆုရှင်လည်း ဖြစ်ပါတယ်။