ရီးယဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်း (၁၂)နှစ် ကြာမြင့်တဲ့အထိ ပါဝင်ခဲ့ရင်း အောင်မြင်မှုတွေ အမြောက်အများ ရယူနိုင်ခဲ့တဲ့ Ballon d’Or ဆုရှင် ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာ မိုဒရစ်က လာမယ့်နွေမှာပဲ ရီးယဲလ်အသင်းနဲ့ လမ်းခွဲသွားတော့မှာ ဖြစ်တယ်လို့ စပိန်သတင်းစာ Relevo က ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ခရိုအေးရှား ဝါရင့် ကွင်းလယ်လူ မိုဒရစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကမှ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ချက်ချင်းဆိုသလို ရီးယဲလ်ရဲ့ အဓိက ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Footbalium

အခုဆိုရင် မိုဒရစ်က ရီးယဲလ်အသင်းနဲ့အတူ (၁၂)ရာသီမြောက် ဖြတ်သန်းနေတာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၁၅)ပွဲ ကစားထားနိုင်သလို (၃၈)ဂိုး သွင်းယူနိုင်ရင်း (၈၃)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်နဲ့လည်း ချန်ပီယံလိဂ်ဖလား (၅)ကြိမ် လာလီဂါဖလား (၃)ကြိမ် ကိုပါဒယ်ရေးဖလား (၂)ကြိမ် စပိန်စူပါဖလား (၅)ကြိမ် ဥရောပစူပါဖလား (၄)ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား (၅)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ရပါတယ်။

မိုဒရစ်က ရီးယဲလ်ကစားသမားအဖြစ် ဖြတ်သန်းနေစဉ်အတွင်း ခရိုအေးရှားနဲ့လည်း ကမ္ဘာ့ဖလားမှာ ဒုတိယ (၁)ကြိမ် တတိယ (၁)ကြိမ် ရယူနိုင်ခဲ့သလို UEFA Nations League မှာလည်း ဒုတိယ (၁)ကြိမ် ရရှိခဲ့ရင်း ၂၀၁၈ခုနှစ်မှာလည်း ကစားသမားဘဝရဲ့ အဓိကမှတ်တိုင်အဖြစ် Ballon d’Or ဆုကိုပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo Credit : Clutch Points

ဒီလို အောင်မြင်မှုတွေ အစဉ်မပြတ် ရရှိခဲ့တဲ့ မိုဒရစ်ဟာ မနှစ်ကပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဘက်က တစ်ရာသီ သက်တမ်းတိုးခဲ့ပြီး အသင်းမှာသာ ထိန်းသိမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီအကုန်မှာတော့ မိုဒရစ်က ထပ်မံ သက်တမ်းမတိုးတော့ပဲ ရီးယဲလ်အသင်းကနေသာ အပြီးတိုင် ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ရီးယဲလ်အသင်းဘက်ကလည်း ဒီရာသီ မကုန်ဆုံးခင်မှာပဲ အသင်းနဲ့ မိုဒရစ်တို့ လက်တွဲဖြုတ်တော့မယ့် အကြောင်းကို ထုတ်ပြန်သွားဖို့ ရှိနေပြီး နှုတ်ဆက်ပွဲစဥ်ကိုပါ အသေအချာ စီစဥ်သွားဖွယ် ရှိနေပါတယ်။ မိုဒရစ်လို ထိပ်တန်း ကစားသမားကြီးကို ဆော်ဒီကလပ်အသင်းတွေနဲ့ အင်တာ မိုင်ယာမီအသင်းတို့က အလိုရှိနေပေမယ့် မိုဒရစ်ကတော့ ခရိုအေးရှားကိုသာ ပြန်သွားနိုင်ခြေ ရှိနေပါတယ်။