စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်က လာမယ့် ယူရို ၂၀၂၄ပြိုင်ပွဲ အပြီးမှာ ကစားသမားဘဝ ကနေ အနားယူတော့မယ့် သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တိုနီခရူးစ်ကို ဒီရာသီရဲ့ ရွှေဘောလုံးဆုရှင် အဖြစ် မြင်ချင်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

တိုနီခရူးစ်နဲ့ လူကာ မိုဒရစ်တို့ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို မဟာပြိုင်ဘက် ဘာစီလိုနာအား နောက်ကောက်ချကာ သိမ်းပိုက်ထားနိုင်သလို သူတို့ရဲ့ အောင်မြေဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Squawka

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အဆိုပါ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာတော့မယ့် တိုနီခရူးစ် အတွက် ကလပ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။

အသက် ၃၄နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ဝါရင့် ကွင်းလယ်လူ တိုနီခရူးစ်က ၂၀၁၄ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ် အတွက် ဆယ်စုနှစ် တစုကြာ ပေးဆပ် ကစားပြီးနောက် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ထားပါတယ်။

တိုနီခရူးစ်က ဆယ်စုနှစ် တစုအတွင်းမှာ ရီးရဲလ်မက်ဒရစ် အတွက် ၄၆၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၈ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉၈ကြိမ် ရရှိခဲ့ပြီး သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၅ကြိမ် ၊ ဥရောပစူပါဖလား ၄ကြိမ် ၊ လာလီဂါဖလား ၄ကြိမ် ၊ ကိုပါဒယ်ရေး ၁ကြိမ် ၊ စပိန်စူပါဖလား ၄ကြိမ် စုစုပေါင်း ဆုဖလား ၂၂လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်က ဒီရာသီမှာ ပြည်တွင်းဖလား ၂လုံး ရယူထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်ထားနိုင်တာကြောင့် တိုနီခရူးစ် ၊ ဘယ်လင်ဟမ် ၊ ဗင်နီးစီးယပ်စ် စတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ၃ဦးက ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ ကစားသမားစာရင်းထဲ ပါဝင်နေပြီး မိုဒရစ်ကတော့ ရီးရဲလ်မက်ဒရစ် ကစားသမား တစ်ဦးက ရွှေဘောလုံးဆုကို ရဖို့ မျှော်လင့်မိကြောင်းနဲ့ ဖြစ်နိုင်ရင် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း တိုနီခရူးစ်ကို ရစေချင်ကြောင်း ဆိုလာပါတယ်။

မိုဒရစ်က – “ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား တစ်ယောက်က သေချာပေါက် ရပါလိမ့်မယ်။ (ရယ်လျက်) အခုချိန်မှာ ရေပန်းစားနေတာက ဗင်နီးစီးယပ်စ် ၊ ဘယ်လင်ဟမ်နဲ့ ခရူးစ်တို့ပေါ့။ ကျွန်တော်ကတော့ ခရူးစ်ကို ရစေချင်ပါတယ်။ သူက ကျွန်တော့်ရဲ့ ဘော်ဒါကြီးလေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။