ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့် ကစားသမားကြီး လူကာ မိုဒရစ်က ကလပ်အသင်းဖော် ကီလီယန် အမ်ဘာပေဟာ သူမြင်ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ချီးမွှမ်းခဲ့ပြီး ဘာလွန်းဒေါဆုကိုပါ တစ်ကြိမ်ထက်မက ဆွတ်ခူးနိုင်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ဘာပေဟာ ဒီနွေကမှ ပီအက်စ်ဂျီကနေ သူရဲ့ အိမ်မက်ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အခု ရီးယဲလ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ဂိုးတွေ အတော်လေး သွင်းယူထားနိုင်ခဲ့ပါတယ်။
Photo Credit : The Independent
အသက်(၂၆)နှစ်အရွယ် ကစားသမားဘဝဟာ ဒီရာသီမှာ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၃)ပွဲ ပါဝင်ကစားထားရင်း ဂိုး(၃၀) သွင်းယူထားသလို (၄)ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ဥရောပ စူပါဖလားနဲ့ ဖီဖာကမ္ဘာ့တိုက်ကြီးဖလားတို့ကိုပါ ရရှိထားပြီး Treble လမ်းကြောင်းပေါ်မှာလည်း ဆက်လက် ရှိနေပါသေးတယ်။
ဘာပေနဲ့ ပတ်သက်ပြီး မိုဒရစ်က “သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့မှာ အရင်က မမြင်ဖူးတဲ့ အရာတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဘာပေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အထင်ရှားဆုံး ချီးကျူးစရာက သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ နေထိုင်မှုပုံစံပါပဲ။ သူဟာ အံ့အားသင့်စရာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး အလွန် စိတ်ထားနှိမ့်ချကာ အမြဲတမ်း ဟာသဉာဏ်ရှိပြီးတော့ အသင်းဖော်တွေကို ကူညီဖို့ အဆင်သင့် ရှိနေတတ်ပါတယ်။”
Photo Credit : Sportskeeda
“သူဟာ အလွန် တည်ငြိမ်တဲ့သူ တစ်ယောက်ပါ။ အပြင်ကကြည့်ရင် သူ့ရာသီဟာ အကောင်းဆုံး မဟုတ်ဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် သူဟာ ဂိုး(၃၀)ကျော် သွင်းနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အကောင်းဆုံးရာသီဆိုရင် ဘယ်လိုဖြစ်မလဲလို့ တွေးကြည့်ပါဦး။ သူက ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော်က သူ့ကို အသင်း အနိုင်ရအောင် ဆက်ကူညီဖို့ ပြောပါတယ်။ သေချာတာက သူဟာ Ballon d’Or ဆုကို တစ်ကြိမ်တည်း မဟုတ်ဘဲ အကြိမ်ပေါင်းများစွာ ရရှိနိုင်ပါလိမ့်မယ်။” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ဒီလို အသင်းနဲ့ တာထွက်ကောင်းနေတဲ့ ဘာပေဟာ ၁၉၉၂-၉၃ ရာသီက ရီးယဲလ်အတွက် ပွဲဦးထွက် ရာသီမှာပဲ ဂိုးပေါင်း(၃၇)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီဗန် ဇာမိုရာနိုရဲ့ စံချိန်ကောင်းတစ်ခုကို ကျော်ဖြတ်နိုင်မယ့် အလားအလာကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့အပြင် ရီးယဲလ်အသင်း သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရဖူးသေးတဲ့ ဆုဖလား(၃)လုံး Treble ကို ရယူနိုင်မယ့် အခြေအနေမှာပါ ရှိနေပြန်ပါတယ်။