အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်က လာလီဂါ နာမည်ကြီးကလပ် ရီးရဲလ် ဘက်တစ်ရဲ့ ဘယ်နောက်ခံလူ ဟွမ် မီရန်ဒါကို ခေါ်ယူဖို့ ကြိုးစားနေရာ ယမန်နေ့ညပိုင်းမှာ မီရန်ဒါနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် စပိန် ယူ-၂၁ လက်ရွေးစင် ဘယ်နောက်ခံလူ ဟွမ် မီရန်ဒါက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာ ကနေ ဘက်တစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: SPORT

ဟွမ် မီရန်ဒါက ဘက်တစ်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ကစားခွင့် ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပြီး သူက ၃နှစ်တာ ကာလအတွင်းမှာ ဘက်တစ် အတွက် ပြိုင်ပွဲစုံမှာ ၉၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ခံစစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမား များနေတဲ့ အေစီမီလန်က မီရန်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အေစီမီလန်က မီရန်ဒါကို ခေါ်ယူနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ခပ်သွက်သွက် လှုပ်ရှားခဲ့ပါတယ်။

Photo Credit: Semper Milan

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က မီရန်ဒါကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး အေစီမီလန်ဟာ မီရန်ဒါကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

မီရန်ဒါနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးနောက် အေစီမီလန်က ဘက်တစ်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ မီရန်ဒါကို ပြောင်းရွှေ့ကြေး ယူရို ၂သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဘက်တစ်ကလည်း မီရန်ဒါကို ရောင်းချဖို့ သဘောတူဖွယ် ရှိနေပါတယ်။