အေစီမီလန်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကို အသစ်တဖန် ပြန်လည်တည်ဆောက်ဖို့အတွက် အားဖြည့်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ကမ္ဘာကျော် ကွင်းလယ်လူကြီး လူကာ မိုဒရစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးတဲ့နောက်မှာ နောက်ထပ်ပစ်မှတ်အနေနဲ့ လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမား ဂရာနစ် ရှာကာကိုပါ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ အားကစားသတင်းစာ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မီလန်အသင်းဟာ နည်းပြသစ် မက်စ် အယ်လီဂရီရဲ့ ကွင်းလယ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲလိုတဲ့ စီမံကိန်းအရ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Kicker

အာဆင်နယ်ကနေ ၂၀၂၃မှာ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့တဲ့ ရှာကာဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။ ဒါပေမဲ့ လေဗာကူဆင်အသင်းရဲ့ စီမံခန့်ခွဲမှုပိုင်း အပြောင်းအလဲနဲ့ အသင်းလူစာရင်း အပြောင်းအလဲတွေကြောင့် ရှာကာအနေနဲ့ အသင်းပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ အေစီမီလန်ဘက်က ယုံကြည်နေပါတယ်။

ရီးရဲလ် မက်ဒရစ်ကနေ ထွက်ခွာလာတဲ့ မိုဒရစ်ကို တစ်နှစ်စာချုပ်နဲ့ သဘောတူညီမှု ရထားပြီးဖြစ်တဲ့ မီလန်ဟာ အတွေ့အကြုံရင့် ကွင်းလယ်ကစားသမားတွေကို ဆက်တိုက် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက်(၃၂)နှစ်အရွယ် ရှာကာဟာ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကြောင့် မီလန်အတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့တာပါ။

Photo Credit : Goal

ရှာကာဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ လေဗာကူဆင်အသင်းကို သမိုင်းဝင် ဘွန်ဒက်စ်လီဂါဖလားနဲ့ ရှုံးထွက် ပိုကယ်ဖလားတွေ ရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါ (၃၃)ပွဲမှာ (၂)ဂိုးသွင်း (၇)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရှာကာအပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျာဗီ ဂွဲရားနဲ့ အာဒွန် ဂျာရှာရီတို့ကိုလည်း မီလန်က စောင့်ကြည့်နေပါတယ်။

ရှာကာရဲ့ လက်ရှိပြောင်းရွှေ့ကြေးဟာ ယူရို(၁၂)သန်းဝန်းကျင်လို့ သတ်မှတ်ထားပြီး ကစားသမားရဲ့ လစာပိုင်းကလည်း အီတလီကလပ်အတွက် အတားအဆီးတစ်ခု မဟုတ်ဘူးလို့ သိရပါတယ်။ မီလန်အသင်းဟာ ကွင်းလယ်လူ တီဂျာနီ ရိုင်းဒါစ်ကို မန်စီးတီးအသင်းဆီ ရောင်းချခဲ့တာနဲ့ ယူနွတ်စ် မူဆာကို နာပိုလီအသင်းထံ ရောင်းချဖို့ သဘောတူထားတာတွေကနေ ရန်ပုံငွေ အများအပြား ရရှိထားပြီးဖြစ်လို့ ဒီအပြောင်းအရွှေ့တွေအတွက် ငွေကြေးအင်အား တောင့်တင်းနေပါတယ်။