ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ တက်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံး လုပ်ပြီးသွားပြီလို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: OPTA Analyst

ပထမအကျော့မှာ သရေရလဒ် ထွက်ပေါ်ထားတာကြောင့် ဒုတိယအကျော့မှာ အနိုင်ရတဲ့အသင်းက ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ ရှိနေပြီး ယနေ့ညမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့က ဒုတိယအကျော့ အဖြစ် ဘိုင်ယန်မြူးနစ်ရဲ့ နာမည်ကျော် အလိုင်းယန့်ဇ် အရီနာကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။

ဘိုင်ယန်မြူးနစ်က အိမ်ရှင်အားသာချက် ရှိသလို ဥရောပ အတွေ့အကြုံလည်း ပိုမို များပြားပေမယ့် လတ်တလော ခြေစွမ်းပိုင်းအရ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ထက် အနည်းငယ် အသာရနေတာကြောင့် အာဆင်နယ်က ဆီမီးဖိုင်နယ်ဆီ တက်နိုင်ဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

Photo Credit: Football London

အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာကလည်း သူတို့အသင်းဟာ ဆီမီးဖိုင်နယ်ဆီ တက်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကို လုပ်ပြီးပြီ ဖြစ်ကာ အသင်းရဲ့ ကစားသမားတွေဟာ သမိုင်းဝင် အောင်ပွဲကို ရယူနိုင်ဖို့ ညီညွတ်မှုရှိရှိနဲ့ အစွမ်းကုန် ကြိုးစား ကစားဖို့သာ လိုအပ်တော့ကြောင်း ဆိုလာပါတယ်။

အာတီတာက – “ကျွန်တော်ကတော့ ကစားသမားတွေကို ဆီမီးဖိုင်နယ်ဆီ အရောက်လှမ်းနိုင်မယ့် ခြေစွမ်းကောင်းတွေ ပြသပေးဖို့ တောင်းဆိုထားပါတယ်။ ဆီမီးဖိုင်နယ်ဆီ တက်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကိုလည်း လုပ်ပြီးပါပြီ။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ဆီ တက်လှမ်းဖို့ပဲ လိုတော့တာပါ။ ကျွန်တော်တို့က နှစ်ပေါင်းများစွာကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ အရောက်လာနိုင်ဖို့ ပြီးခဲ့တဲ့ရာသီမှာ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ဆီ တက်နိုင်မယ့် အခွင့်အရေးကောင်း တခုကို ပိုင်ဆိုင်ထားပါပြီ။ အလိုင်းယန့်ဇ် အရီနာမှာ နိုင်ပွဲ ရယူနိုင်ခဲ့ရင် မယုံကြည်နိုင်စရာကောင်းတဲ့ ခံစားချက်တွေကို ခံစားရမယ် ဆိုတာ သိပါတယ်။ ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ် ဆိုရင် ပြီးခဲ့တဲ့ ၁၅နှစ် အတွင်းမှာ မရခဲ့တဲ့ ခံစားချက်တွေကို ခံစားနိုင်မှာပါ။ ကျွန်တော်တို့ အတွက် ဒီပွဲက အခွင့်အရေး တခုပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။