ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျွန် အိုဘီ မီခေးလ်က ဒီနွေမှာ အသင်းဘက်က ပေါင်သန်း(၃၀)နဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် လီယမ် ဒီလက်ပ်နဲ့ ပတ်သက်ပြီး သတိပေးစကား ပြောကြားလိုက်ပါတယ်။

မကြာခင် ကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအတွက် ပါဝင်ကစားရတော့မယ့် ဒီလက်ပ်ကို တန်းဆင်းသွားတဲ့ အစ်ပ်စ်ဝစ်ချ်တောင်းအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြ အန်ဇို မာရက်စကာရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ရည်ရွယ်ပါတယ်။

Photo Credit : Daily Mail

ဒါပေမဲ့ မီခေးလ်ကတော့ ဒီလက်ပ်ဟာ ချယ်လ်ဆီးအသင်းကို နောက်တစ်ဆင့် တက်လှမ်းဖို့ လိုအပ်တဲ့ ကွာခြားမှုတွေကို ဖန်တီးပေးနိုင်မလားဆိုတာ သံသယရှိနေကြောင်း သူက Standard သတင်းစာကို အခုလို ပြောပါတယ်။ “သူက ပရီးမီးယားလိဂ်မှာ ဂိုးသွင်းစွမ်းရည် သက်သေပြပြီးသား ကစားသမားလား။ ချယ်လ်ဆီးလို အသင်းကြီးမှာ လုပ်ပြနိုင်မလား။ ဒါက မေးခွန်းထုတ်စရာပါ။ ဒါက နည်းပြက သူ့ကို ဘယ်လို ပုံဖော်မလဲ ဘယ်လို တိုးတက်အောင် လုပ်ပေးမလဲဆိုတာပေါ် မူတည်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

မီခေးလ်က ချယ်လ်ဆီးအသင်း ခေါ်ယူစေချင်တဲ့ တိုက်စစ်မှူးကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ “ဗစ်တာ အိုဆီမန်မျိုး ပြီးပြည့်စုံတဲ့ ကစားသမားကို လိုချင်တာ ချက်ချင်း လာပြီး ဂိုးတွေသွင်းပေးနိုင်မယ့်သူ ဆုဖလားတွေ ရယူပေးနိုင်မယ့်သူ အသင်းကို ထိပ်ဆုံးလေးသင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့်သူကို လိုချင်တယ်ဆိုရင်တော့ ကြီးမားတဲ့ ပမာဏကို ပေးရမှာပေါ့။ အသင်းကြီးတွေက အဲဒီလို လုပ်ကြတာပါ။”

Photo Credit : Daily Mail

“နှစ်နှစ် သုံးနှစ် လေးနှစ်အတွင်း တဖြည်းဖြည်း တိုးတက်လာမယ့် ကစားသမားကို လိုချင်တယ်ဆိုရင်တော့ အသင်းက လုပ်နေတဲ့ပုံစံအတိုင်းကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ ယဉ်ကျေးမှုက ချက်ချင်း အောင်ပွဲခံဖို့ပါ။ အောင်ပွဲခံချင်ရင်တော့ ဗစ်တာ အိုဆီမန်လို ကစားသမားကို ခေါ်ယူရမှာပါ။ ဒီလိုမှ ဆုဖလားတွေ ရမှာ။ သူက ဂိုးတွေ သွင်းပေးမှာပါ။ ဒီလက်ပ်က တော်တဲ့ တိုက်စစ်မှူးလေးပါ။ ဒါပေမဲ့ ချယ်လ်ဆီးလို အသင်းကြီးမှာ သူလုပ်ပြနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်။ ဒီရာသီမှာ အစ်ပ်စ်ဝစ်ချ်နဲ့ သူလုပ်ပြနိုင်ခဲ့လား။ သူတို့ တန်းဆင်းသွားတာကိုး။ ဒါကြောင့် စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။”

“သူ ကောင်းကောင်း လုပ်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေနဲ့ ကျွန်တော်ကတော့ အီတလီမှာ တူရကီမှာ သက်သေပြပြီးသား။ ချက်ချင်း လာပြီး အသင်းအတွက် လုပ်ပြနိုင်မယ့် ဂိုးသွင်းစွမ်းရည်ရှိတဲ့ ကစားသမားမျိုးကို မြင်ချင်ခဲ့တာပါ။” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ အိုဆီမန်ကို ပေါင်(၆၃)သန်းဝန်းကျင် တန်ကြေးဖြတ်ထားပြီး နာပိုလီကြယ်ပွင့်ကို မန်ချက်စတာ ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဂါလာတာစာရေးအသင်းဆီကို အငှားချခံခဲ့ရပါတယ်။