ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် နယူးကာဆယ်ကို အငြင်းပွားဖွယ်ရာ ကောင်းတဲ့ သွင်းဂိုးကြောင့် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို စိတ်ပျက်သွားပြီလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ယမန်နှစ် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး တသင်း ဖြစ်လာတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာတီတာက ဒဏ်ရာရ ကစားသမားတွေကလွဲရင် လူစုံတက်စုံ ထုတ်သုံးကာ နယူးကာဆယ်ကို ရင်ဆိုင် ကစားစေခဲ့ပါတယ်။

နယူးကာဆယ်နဲ့ အာဆင်နယ် ပွဲစဉ်မှာ အာတီတာက ပုံမှန်အတိုင်း ၄-၃-၃ ကစားကွက်ကို ထုတ်သုံးခဲ့ပြီး တိုက်စစ်ပိုင်းမှာ လတ်တလော ခြေစွမ်းထက်နေတဲ့ မာတီနယ်လီ ၊ အန်ခီးတီးယား ၊ ဆာကာတို့ကို တွဲပေးခဲ့သလို ကွင်းလယ်တိုက်စစ်ပိုင်းမှာ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ နေရာမှာ ကိုင် ဟားဗက်ဇ်ကို ထည့်သွင်း ကစားစေခဲ့ကာ ဒီကလန်ရိုက်စ်နဲ့ ဂျော်ဂျင်ဟိုတို့ကို ဗဟိုကွင်းလယ်မှာ နေရာပေးခဲ့ပါတယ်။

Photo Credit: Sky Sports

ခံစစ်ပိုင်းမှာလည်း ဒဏ်ရာရနေတဲ့ ဇင်ချန်ကိုရဲ့ နေရာမှာ တိုမီယာစုကို ထည့်သွင်း ကစားခဲ့တာကလွဲရင် ကျန်တဲ့ နေရာအားလုံးမှာ အဓိက ကစားသမားတွေကိုသာ အသုံးပြုခဲ့ပါတယ်။ တဖက်မှာလည်း နယူးကာဆယ်က ဒဏ်ရာရ ကစားသမားတွေကလွဲရင် အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြသလို ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားခဲ့ကြတာကြောင့် ပွဲကောင်း တပွဲ ဖြစ်ခဲ့ပေမယ့် နှစ်ဖက် ကစားသမားတွေ ကြားထဲမှာ အချင်းများမှုတွေ ဖြစ်ခဲ့တာကြောင့် ပွဲကလည်း အတော်လေးကို ကြမ်းခဲ့ပါတယ်။

ပွဲကြမ်းသွားတာကြောင့် နှစ်သင်းစလုံးက အပိုင် ဂိုးသွင်းခွင့်တွေ များများစားစား မရခဲ့ကြပဲ ပွဲချိန် ၆၄မိနစ်မှာ နယူးကာဆယ် တောင်ပံတိုက်စစ် ကစားသမား ဂေါ်ဒွန်က ဂိုးစည်းကျော်ခါနီး ဘောလုံးကို ပြန်ဆယ်ကာ ဖြတ်တင်ပေးပို့မှုကို အကောင်းဆုံး အသုံးချကာ နယူးကာဆယ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါအဖြစ်အပျက်မှာ ဘောလုံးဟာ ဂိုးစည်းကို ကျော်လွန်သွားတာကြောင့် သွင်းဂိုးအဖြစ် မသတ်မှတ်သင့်ဘူးလို့ ယူဆသူတွေ ရှိကြသလို ဘောလုံးဟာ ဂိုးစည်းကို မကျော်သေးတာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးသင့်တယ်လို့ ထင်မြင်သူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာကတော့ ဒီသွင်းဂိုးကို ခွင့်မပြုသင့်ဘူးလို့ ယုံကြည်နေသလို အခုလို သွင်းဂိုးမျိုး ခွင့်ပြုပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စိတ်ပျက်မိတယ်လို့ ဆိုလာပါတယ်။ အာတီတာက – “ဒီလို ရလဒ်မျိုး မထွက်လာသင့်ပါဘူး။ ဒါက အတော်လေးကို ရွံစရာကောင်းတဲ့ ဖြစ်ရပ်ပါ။ ဖြစ်သွားတာတွေက (ဂိုးပေးလိုက်မှုအား ရည်ရွယ်လျက်) စိတ်ပျက်စရာ ကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ တင်စားခံထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘာကြောင့် ဒီလိုသွင်းဂိုးမျိုး ခွင့်ပြုပေးခဲ့တာလဲ။ ကျွန်တော်က ဒီနိုင်ငံမှာ နှစ် ၂၀ကျော် နေလာခဲ့တာပါ။ အခုတော့ ဒီပြိုင်ပွဲအတွက် ရှက်မိပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။